ဟားခါးမြို့နယ်၊ ဘွန်လုန်ကျေးရွာတွင် ယမန်နေ့ အောက်တိုဘာ ၁၉ ရက် ညနေပိုင်း ၃ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျောင်းကနေပြန်လာကြတဲ့ ကလေးငယ် ၂ ယောက် ထိမှန်သေဆုံးပြီး တစ်ယောက် ပြင်းထန်ဒဏ်ရာရရှိကြောင်း ဘွန်လုန်ကျေးရွာ ဆရာတစ်ပါးက ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် KG-2 တန်းတက်ရောက်ကြသော ၆ နှစ်အရွယ် ယောင်္ကျားလေး ၂ ဦး သေဆုံးပြီး ၎င်းတို့နဲ့အတူ ကျောင်းကနေပြန်လာတဲ့ ၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်လည်း ပြင်းထန်ဒဏ်ရာရရှိခြင်းဖြစ်သည်။
“သူတို့က အသက် ၆နှစ်အရွယ် KG-2 တန်း ကလေးတွေဆိုတော့ ကျောင်းကနေစောလွှတ်တာ။ သူတို့ပြန်လာတဲ့လမ်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲသွားတယ်။ သူတို့နဲ့ နီးနီးကပ်ကပ်မှာပဲ လက်နက်ကြီးကျတာ ယောင်္ကျားလေးတစ်ယောက်က လက်နက်ကြီးထိပြီး နာရီ၀က်ခန့်အကြာမှာ သေဆုံးသွားတယ်။ ဒဏ်ရာပြင်းထန်တဲ့ နောက်ထပ် ယောင်္ကျားလေးတစ်ယောက် ခုနလေးပဲ သေဆုံးသွားတယ်။ ကလေးမလေးကိုတော့ ဆေးရုံပို့ထားတယ်” လို့ ဘွန်လုန်ကျေးရွာ ဆရာတစ်ပါးက ပြောပါတယ်။
သေဆုံးသွားသော ယောင်္ကျားလေးနှစ်ဦးမှာ James Siang Za Uk (၆) နှစ်နှင့် Henry Bawi Za Lian (၆) နှစ်တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသော ကလေးမလေးမှာ Nancy Ca Len Par (၆) နှစ်လို့ သိရသည်။
ဘွန်လုန်ကျေးရွာသည် ဟားခါးမြို့နယ်၊ ဆန်ထန်နယ်တွင်တည်ရှိပြီး ဟားခါးမြို့နှင့် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသည်။
ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲစဉ်မှာ ဆန်ထန်နယ်နှင့် ရွာအနီးနာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
The Chin Journal မှ ကူးယူဖော်ပြသည်။