ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီက မြို့အဝင်၊ အထွက်ဂိတ်များကို အောက်တိုဘာလ ၈ ရက်နေ့က ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ဒေသခံများအနေဖြင့် ခရီးဝေးထွက်မည်ဆိုပါက ထွေအုပ်နှင့် စစ်ဗျူဟာမှုးထောက်ခံစာရယူရပြီး ထောက်ခံစာမပါရှိပါက ခရီးသွားလာခွင့်မပြုကြောင်း သိရသည်။
“လမ်းတော့ပြန်ဖွင့်ပြီ၊ အရင်တုန်းကတော့ မြို့ကနေ အပြင်ကိုထွက်လို့မရဘူး၊ ထောက်ခံစာလည်း ယူလို့မရဘူး၊ အခုကျတော့ ထောက်ခံစာယူပြီးမှ ပြန်သွားလာလို့ရတာပေါ့၊ ထွေအုပ်မှာယူရတယ် ပြီးရင် ထွေအုပ်ကနေ ဗျူဟာရဲ့ထောက်ခံစာလည်းလိုတယ်။ အဲ့ကထောက်ခံမှ သွားလို့ရတာ၊ အဓိကကျတော့ ခရီးဝေးပေါ့၊ ပခုက္ကူတို့ဖက်သွားမယ်ဆိုရင် အဲ့လိုယူရတယ် ပြီးမှ နယ်ဖက်ဆိုရင် ထွေအုပ်ထောက်ခံစာပေါ့ အဲ့မှာ တခါတည်းပဲ စစ်တပ်ရှိပြီဆိုတော့ စစ်တပ်နဲ့ ထွေအုပ်ထောက်ခံပြီးမှ သွားလို့ရတာ” ဟု မတူပီမြို့ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်က မတူပီ မြို့အဝင်/အထွက်ဂိတ်အားလုံးကို ပိတ်ပင်ခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖြတ်သန်းသွားလာခွင့်မပြုခဲ့သည့်အပြင် ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိခဲ့ခြင်းကြောင့် ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်သည့်အထိ ဖြစ်ခဲ့သည်။
ယခုလက်ရှိတွင် မတူပီမြို့အဝင်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပေးကာ ကျေးရွာများမှ ပြည်သူများလည်း မတူပီမြို့အတွင်း ဝင်ရောက်လာသူများရှိလာသည့်အပြင် ကုန်ပစ္စည်းတင်ဆောင်သည့် ကုန်ကားများလည်း ဝင်ရောက်လာမှုများရှိလာကာ ပုံမှန်အနေအထားဖြင့် မြို့တွင်းသွားလာမှုများရှိလာကြောင်း သိရသည်။
မြို့နယ်ပညာရေးမှုး ဦးတင်လွေးသေဆုံးမှုဖြစ်ပွားပြီးနောက်ပိုင်း မတူပီမြို့တွင် ဖွင့်လှစ်ထားသည့်ကျောင်းများ ပိတ်ထားရသည့်အခြေအနေရှိနေသည်ဟု ၎င်းမြို့ခံက ဆက်ပြောသည်။
“ကျောင်းကပိတ်တာမဟုတ်ဘူး၊ သူတို့ ဆရာ၊ဆရာမတွေတော့ သွားကြတယ်၊ ကလေးတွေက ကြောက်နေကြလို့လေ မိဘတွေက မသွားခိုင်းတာ၊ အရင်တုန်းကတော့ ၁၀ဝ အရာခိုင်နှုန်းတက်တာ အခုကျတော့ ပညာရေးမှုးဆုံးသွားပြီးမှတော့ ကျောင်းကတက်တဲ့သူ မရှိသလောက်ပါပဲ။ အခုတလောက CDF၊ လူငယ်တွေလည်း ဝင်လာနိုင်တယ်ဆိုတဲ့ အကြောက်တရားကြောင့်ပါ။” ဟု မတူပီမြို့ခံက ပြောသည်။
မတူပီမြိ့၊ မြို့နယ်ပညာရေးမှုး ဦးတင်လွေးသည် စစ်ကောင်စီ၏ ပညာရေးယန္တရားကို အဓိကလည်ပတ်စေသည့် Non-CDM တစ်ဦးဖြစ်ကာ CDM သမားများကို အမျိုးမျိုးခြိမ်းခြောက်ကာ Non-CDM ပြန်လည်ပြုလုပ်ကြရန် ဖိအားပေးခြင်း၊ CDM စာရင်းများကို စစ်ကောင်စီထံပေးပို့ခြင်း၊ အချို့သော CDM သမားများ၏ စာရင်းကိုလ့ဝှက်ပြီး စစ်ကောင်စီအငြိမ်းစား ဗိုလ်မှုးဝင်းနိုင်နှင့် ပူးပေါင်းကား CDM သမားများ လစာကို ထုတ်ယူခြင်းများကြောင့် CDF-Matupi မှ စာဖြင့်သော်လည်းကောင်း၊ နှုတ်အားဖြင့်သော်လည်းကောင်း အကြိမ်ကြိမ်သတိပေးခြင်းကို လုံးဝလိုက်နာခြင်းမရှိသောကြောင့် CDF-Matupi မှ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။