ကလေးမြို့မြောက်ဘက် ပျဉ်းတောဦး(Tuingo) ကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ညနေပိုင်း ၄ နာရီခန့်ကစ၍ စစ်ကောင်စီက တိုက်လေယာဉ်၊ စစ်သုံးရဟတ်ယာဉ် Mi35 အပြင် လက်နက်ကြီးဖြင့် အကြီးအကျယ် ထိုးစစ်ဆင်နွှဲနေသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆရသောနေရာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အပြင် Mi35 ရဟတ်ယာဉ်နှင့်လည်း တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ကလေးမြို့ အမြောက်တပ်ဘက်ကနေလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ကူခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းတောဦးကျေးရွာထဲက နေအိမ်တချိူ့ ထိမှန်မီးလောင်မှုများလည်းရှိနေသည်ဟု သိရသည်။
ယခုနောက်ဆုံးရရှိသည့်သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပျဉ်းတောဦးကျေးရွာထဲသို့ ဝင်ရောက်နေပြီဟု သိရသည်။
ပျဉ်းတောဦးကျေးရွဘက်တွင် ပြီးခဲ့သည့်မတ်လ ၃၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တောက်လျှောက် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ထောင်နှင့်ချီသော ဒေသခံပြည်သူများလည်း ရွာလုံးကျွတ် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်။