စစ်ကောင်စီလက်အောက် ပညာရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ယနေ့ဇွန်လ ၉ ရက်နေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ရာတွင် ချင်းပြည်နယ်သည် တနိုင်ငံလုံးတွင် စတုတ္ထမြောက် အောင်ချက်ရာခိုင်နှုန်း အများဆုံးဖြစ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ချင်းပြည်နယ် စာစစ်ဌာန ၁၃ ခုတွင် ကျောင်းသူ/ကျောင်းသား ၂၈၂၄ ဦးက ဖြေဆိုခဲ့ကြရာ ၂၀၄၅ ဦးက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ကြပြီး တစ်နိုင်ငံလုံးတွင် အောင်ချက် ၇၂.၄၂ ရာခိုင်နှုန်းဖြင့် စတုတ္ထမြောက်အဆင့်ရှိခဲ့သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တုန်းက ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၂၂၅၉ ဦးရှိခဲ့ရာ အောင်မြင်သူ ၆၀၅ ဦးရှိခဲ့ပြီး အောင်ချက် ၂၆.၇၈ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အနည်းဆုံးအဆင့်ရှိခဲ့သည်။
ချင်းပြည်နယ်သည် စစ်အာဏာသိမ်းမှုမဖြစ်ခင်ကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးမှာ အောင်ချက်အ နည်းဆုံး (သို့မဟုတ်) ဒုတိယအောင်ချက်အနည်းဆုံးပြည်နယ်ဖြစ်လေ့ရှိသော်လည်း စစ်ကောင်စီလက်အောက်တွင် ယခုကဲ့သို့ အောင်ချက်မြင့်တက်လာသည့်အပေါ် ချင်းပြည်သူအများစုက အံ့သြနေကြသည်။