(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား၁ ဦးသည် CDF-Hakha ထံသို့ လက်နက်ဖြင့် အလင်ဝင်လာကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရသိရသည်။
ယမန်နေ့ မတ်လ ၂၄ ရက်နေ့တွင် ဟားခါးမြို့မှ ရဲတပ်သားတစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပါဝင်တော့မည်ဟု ဆိုကာ သေနတ်လက်နက်နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု ဓါတ်ပုံနှင့်တကွ ၎င်းထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့လက်နက်နှင့်အတူ အလင်းဝင်လာသူအား ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်သည့် အပြင် လုံခြုံလွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်တွင် လက်နက်ကိုင်တာဝန်ထမ်းဆောင်နေသော ရဲနှင့် စစ်သားများအား လက်နက်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ အချိန်မနှောင်းမီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန်နှင့် ခိုလှုံလာသူများအား CDF- Hakha အနေဖြင့် နွေးထွေစွာကြိုဆိုကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုသို့ထုတ်ပြန်ပြီးနောက် ဟားခါးမြို့ပေါ်မှ ရဲတပ်သား ၄ ဦးအား လက်နက်အပြည့်အစုံဖြင့်သော်လည်းကောင်း ကိုယ်လွတ်ရုန်းပြီးသော်လည်းကောင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြပြီဖြစ်ကာ ၎င်းတို့အား လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးသည့်အပြင် လက်နက်များဖြင့် အလင်းဝင်လာသူများအား ဆုငွေချီးမြှင့်ပေးလေ့ရှိကြောင်း သိရသည်။