(006SV)
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း ကွယ်လွန်ခြင်းသည် နွေဦးတော်လှန်ရေး ဆင်နွှဲနေချိန်တွင် တော်လှန်ရေး ရဲဘော်ရဲဘက်များအတွက် မဟာဆုံးရှုံးမှုကြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က သတင်းထုတ်ပြန်သည်။
မေလ ၁၃ ရက် ညနေ ၆နာရီခွဲခန့်က KIA စစ်ဦးစီးချုပ် ခေါင်လွန်းသည် အသဲရောဂါဖြင့် ဆေးဝါးကုသနေစဉ် အသက် ၆၂ နှစ်အရွယ်မှာ ၎င်း၏ နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
KIA စစ်ဦးစီးချုပ် ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် အံ့ဩတုန်လှုပ်ပြီး ကချင်ပြည်သူများ၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကျန်ရစ်သူ မိသားစု၊ ရပ်ဆွေရပ်မျိုးနှင့်အတူ ထပ်တူ အထူးဝမ်းနည်း ကြေကွဲရကြောင်း ချင်းအမျိုးသား တပ်ဦးက မေလ ၁၃ ရက် ထုတ်ပြန်သည်။
“ပြည်သူလူထုနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၊ နွေဦးတော်လှန်ရေး ဆင်နွှဲနေသည့် ရဲဘော်ရဲဘက်များအတွက် မဟာဆုံးရှံးမှုကြီး ဖြစ်ကြောင်း လေးနက်စွာ ဖော်ပြအပ်ပါသည်” CNF က ထုတ်ပြန်သည်။
အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံထူထောင်ရေးအတွက် နွေဦး တော်လှန်ရေး ဆင်နွှဲနေချိန်တွင် မိမိတို့ ချစ်ခင်လေးစား အားထားရပါသော Lt. Gen. R Hkawng Lurn ကွယ်လွန်ခြင်းအပေါ် အထူးနှမြောတသဖြစ်ရသည်ဟု CNF ကထုတ်ပြန်သည်။
ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း၏ ညီရင်းအစ်ကို ဆက်ဆက်ဆံရေးဖြင့် ချင်းအမျိုးသား တပ်မတော်အား အကောင်းဆုံး ပံ့ပိုးကူညီပေးခဲ့မှုကို ချင်းအမျိုးသားတပ်ဦးက မှတ်ကျောက်တင်အပ်သည်ဟုလည်း ထုတ်ပြန်သည်။
၎င်း၏ အမျိုးသားရေးတာဝန် ကျေပွန်မှု၊ တော်လှန်ရေး သစ္စာရှိမှု၊ တည်ကြည်ရိုးသားမှု၊ ရပ်တည်ချက် ခိုင်မာမှုနှင့် စစ်ရေး စစ်ရာတွင် သတ္တိပြောင်မြောက်မှု၊ ဦးဆောင်ပေးနိုင်မှုများကို CNF/CNA က ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါ ကြောင်းလည်း ထုတ်ပြန်သည်။
KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း၏ မပြီးပြတ်သေးသော တော်လှန်ရေး တာဝန်ကို CNF/ CNA ရဲဘော် ရဲဘက်များမှ ဆက်လက်ထမ်းရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်ဟု ထုတ်ပြန်သည်။
ထို့အပြင် KIA စစ်ဦးစီးချုပ် ခေါင်လွန်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ် စစ်ကိုင်း၊ မကွေး အပါအဝင် စစ်ဒေသ (၁)၏ နယ်မြေအတွင်းသာမက တနိုင်ငံလုံး၏ ခုခံတွန်းလှန်စစ်ကဏ္ဍအတွက် အထူးအရေးပါသည့် ဦးဆောင်မှုလည်း ပြုခဲ့သူဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့မှာ သတင်းထုတ်ပြန်သည်။
“နှစ်ပေါင်း (၃၅) နှစ်ကျော် ဖြတ်သန်းခဲ့သည့် တော်လှန်ရေးအတွေ့အကြုံ ရင့်ကျက်ပြည့်ဝသော ဒုတိယဗိုလ်ချုပ်ကြီးသည် အမျိုးသားရေးတာဝန်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်မှု အတွက် ကြိုးပမ်းတိုက်ပွဲဝင်မှု တာဝန်အသီးသီးကို ကျေပွန်သည်ထက် များစွာပိုလွန်ကာ ထမ်းဆောင်ခဲ့ပြီးလည်း ဖြစ်ပါသည်”ဟု NUG အစိုးရက ထုတ်ပြန်သည်။
ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း KIA သို့ ဝင်ရောက်အမှုထမ်းခဲ့ကြောင်း၊ စစ်ရေးပရိယာယ်ကြွယ်ဝပြီး တပ်ဖွဲ့ဝင်များ၏ ချစ်ခင်လေးစားမှုကိုရရှိထားသူဟု လူသိများသည့် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကို ၂၀၂၃ ခုနှစ်၊ နှစ်ဆန်း ၃ ရက်နေ့တွင် KIA ၏ ဒုတိယစစ်ဦးစီးချုပ်မှ စစ်ဦးစီးချုပ်ရာထူးသို့ တိုးမြင့်ခံခဲ့ရကြောင်း ကချင်းဒေသတွင်းမီဒီယာ The 74 Media ရေးသားဖော်ပြသည်။