(005MK)
မီဇိုရမ်ပြည်နယ် ရှာဟာခရိုင်တွင် စစ်ဘေးတိမ်းရှောင်လာသည့် ချင်းအမျိုး သမီးတစ်ဦးသည် ယမန်နေ့ မေလ ၁၇ ရ က်နေ့က ကလေး ၃ မွှာပူးအောင်မြင်စွာမွေးဖွားနိုင်ခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ် မတူပီမြို့နယ် စပေါ်ကျေးရွာကနေ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာမြို့တွင် စစ်ဘေးရှောင်လာသော အသက် ၂၉ နှစ်အရွယ် ဒေါ်နိုက်ဖါသည် လောင်တလိုင်မြို့ Lairam Christian Medical Centre တွင် မေလ ၁၇ ရက်ညနေပိုင်း ၆ နာရီမှာ ဆရာဝန် ၂ ဦးက ခွဲစိတ်ခဲ့ကြသည်ဟုသိရသည်။
တစ်နာရီခွဲကျော်ကြာ ခွဲစိတ်ပြီးနောက် ဗိုက်ထဲက ကလေး ၃ မွှာပူးကို အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ကြပြီး ကလေး ၃ ယောက်စလုံးမှာ မိန်းကလေးများဖြစ်ကြကြောင်း သိရသည်။
ပထမဆုံး ထွက်လာသည့်ကလေးမှာ အလေးချိန် ၂.၅၀၀ ကီလိုဂရမ်ရှိပြီး၊ ဒုတိယမှာ ၁.၈၀၀ ကီလိုဂရမ်နှင့် တတိယ ကလေး မှာ ၂.၄၅၀ ကီလိုဂရမ်ရှိကာ ကလေးအားလုံးမှာ ကျန်းမာရေးလည်းကောင်းမွန်ကြောင်း သိရသည်။
Lairam Christian Medical Centre ဆရာဝန်များက ဒေါ်နိုက်ဖါ၏ အခြေအနေကို Doctor Without Borders အဖွဲ့အစည်းထံအကြောင်းကြားခဲ့ပြီးနောက် ၎င်းတို့အနေဖြင့် ဒေါ်နိုက်ဖါ၏ ဆေးကုသမှုကုန်ကျစရိတ်အားလုံးကို ကူညီ ထောက်ပံ့ပေးအပ်သွားမည်ဟု ပြောဆိုကြောင်း ဒေသတွင်း ရုပ်သံ Zonet သတင်းကဆိုသည်။