(004SS)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ကမ်းနာဘေးမှာတည်ရှိသော တရွန်အိုင်ကျေးရွာကို မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ယမန်နေ့ မေလ ၂၁ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် အထက်ထရွန်အိုင်ကျေးရွာကို ဂျက်ဖိုက်တာ ဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၂ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
“မနေ့က လူစုလူဝေးဖြစ်တဲ့ ထရွန်အိုင် အထက်ဈေးတန်းမှာ ဖြစ်တာ၊ အဲထဲမှာ အောက်ဘလိုင်ကျေး ရွာက ခူမီးချင်းအမျိုးသား ၂ ဦးအပါ ၅ ဦးသေဆုံးတယ် ထရွန်အိုင်မှာက အောက်နဲ့ အထက် ဆိုပြီးရှိ တယ် အခုဟာက ထရွန်အိုင်ဈေးတန်းမှာပဲ အစစအရာရာဈေးပြုတဲ့နေရာပေါ့နော်” ဟု ခူမီးချင်း လူငယ်တစ်ဦးက ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် တရွန်အိုင်ကျေးရွာမှ လူနေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်း ပျက်စီး သွားပြီး ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိကာ ဒါဏ်ရာများပြင်းထန်ကြောင်း သိရသည်။
သေဆုံးသွားသူများမှာ ပလက်ဝ အထက်ဘလိုင်ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ခူမီးအမျိုးသား ဦးမောင်သိန်းနိုင်၊ အသက် ၆၇ နှစ်အရွယ် ဦးအောင်ထွန်းနှင့် အထက်တရွန်အိုင်ကျေးရွာမှ ၁၇ နှစ် အရွယ် ရခိုင်အမျိုးသမီး မစန္ဒာ၊ အသက် ၄၇ နှစ်အရွယ် ဒေါ်လှခိုင်ဦး နှင် အသက် ၃၃ နှစ်အရွယ် ဦးအောင်ကျော်ညွှန့်တို့ဖြစ်ကြောင်း သိရသည်။
ထရွန်အိုင်ကျေးရွာသည် ယခင်က စစ်ကောင်စီအခိုင်အမာ ခြေကုပ်ယူခဲ့သည့် ဗျူဟာစခန်းတည်ရှိရာ နေရာဖြစ်ပြီး လွန်ခဲ့သော ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ရက္ခိုင့်တပ်တော် AA က သိမ်းယူနိုင်ခဲ့သည်။
စစ်ကောင်စီကင်းစင်သော နယ်မြေဒေသဖြစ်လာပြီးနောက် လက်ရှိတွင် ၎င်းကျေးရွာနှင့် မနီးမဝေးတစ်နေရာ၌ AA က ယာယီ စခန်းချတပ်ဆွဲထားသည်ဟုသိရသည်။
အိမ်ခြေ ၁၀၀ ကျော်ရှိသော ထရွန်အိုင်ကျေးရွာသည် ခူမီးချင်းမျိုးနွယ်စုများနှင့် ရခိုင်လူမျိုးများ ထက် ဝက်စီနေထိုင်ကြသည့် ကျေးရွာဖြစ်သည်။