စစ်အင်အား၊ စစ်လက်နက်ခဲယမ်းတို့ကို အကောင်းဆုံး တည်ဆောက်ရန် ULA အကြံပြု
(006SV)
CPU/ CPA ကို အိမ်နီးနားချင်းမိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီရင်းအစ်ကိုကောင်း စိတ်ဓါတ်ဖြင့် ULA/AA က ဆက်လက်ကူညီပံ့ပိုးမည်ဖြစ်ပြီး လက်ရှိ ချင်းတောင်ပိုင်းက အာဏာသိမ်း စစ်တပ်၏ ထိုးစစ်ကိုလည်း ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) က ကြေညာသည်။
ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ဖွဲ့စည်း တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားသို့ အာရက္ခိင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခိုင်တပ်မတော် (ULA/AA) က ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ယင်းသို့ ပြောခြင်းဖြစ်သည်။
“ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးခရီးထဲတွင် မိမိတို့ တတ်နိုင်သည်များကို အိမ်နီးနားချင်း မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီရင်းအစ်ကိုကောင်း စိတ်ဓါတ်ဖြင့် ဆက်လက်ကူညီပံ့ပိုးပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ ထိုးစစ်များတွင်လည်း ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်သွားမည်” ဟု ULA/AA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
တိုးတက် ပြောင်းလဲလာသော နည်းပညာခေတ်တွင် စစ်ရေးနှင့် တိုက်ခိုက်ရေးစွမ်းရည်တို့ကို တတ်နိုင်သလောက် အစွမ်းကုန်မြှင့်တက်ထားနိုင်မှသာ တော်လှန်ရေးတွင် ရှင်သန်နိုင်ပြီး ချမှတ်ထားသော ရည်မှန်းချက်များ အထမြောက်နိုင်စေရန် ဆက်လက် အကောင်အထည် ဖော်နိုင်မည်ဟု ULA က အသိပေးသည်။
သို့သော် စစ်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်တို့တွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိခဲ့သည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ULA/ AA က CPU/ CPA ကို ချီးမွန်မှတ်ချက်ပြုသည်။
ရရှိလာသော အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းထားရင်း CPU/ CPA ၏ စုဖွဲ့မှုအတွင်း စည်းကမ်းကောင်းပြီး အမိန့်နာခံမှုကောင်းသော တပ်မတော်၊ စစ်အင်အား၊ စစ်လက်နက်ခဲယမ်း၊ တစ်သွေးတစ်သံတစ်မိန့်နှင့် စည်းလုံး ညီညွတ်မှုတို့ကို အကောင်းဆုံး တည်ဆောက်ထားရန်လည်း ULA/ AA က တိုက်တွန်းနေသည်။
တော်လှန်ရေးကာလဖြစ်သည့်အတွက် တော်လှန်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်အညီ ခက်ခဲမှု၊ ပင်ပန်းမှု၊ အတား အဆီးများကို စည်းလုံးညီညွတ်မှုအားဖြင့်သာ ကျော်လွှားနိုင်မည်ဖြစ်သောကြောင့် စည်းလုံးညီညွတ်မှုကို ယခုထက် အားကောင်းအောင် တည်ဆောက်နိုင်ပါစေကြောင်း အိမ်းနီးနားချင်း မိတ်ဆွေပီသသော စိတ်ဖြင့် ULA/AA က ထုတ်ပြန်ချက်ထဲတွင် သတိပေးထားသည်။
“မိတ်ဖက်၊ မဟာမိတ်ဆက်ဆံရေးနှင့် အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတွင် ယခုထက် ပိုမိုအားကောင်းနိုင်ပါစေကြောင်း” ULA/AA က ထုတ်ပြန်ချက်မှာ ဆုတောင်းပေးထားသည်။
စစ်အာဏာရှင်စနစ်အပြင် မည်သည့် အာဏာရှင်စနစ်မဆို ချုပ်ငြိမ်းရေး၊ ချင်းပြည်သူလူထု၏ မွေးရာပါ အခွင့်အရေး ဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး အတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရန် အစရှိသော ရည်မှန်းချက်များဖြင့် စုဖွဲ့ထားသော CPU/ CPA အနေဖြင့် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အမြန်ဆုံး အထမြောက် အောင်မြင်နိုင်ပါစေကြောင်း ULA က ဆိုသည်။
တော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားကြသော ချင်းအာဇာနည်ရဲဘော်များ၊ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းကို ပေးလှူခဲ့သော တော်လှန်ရဲဘော်ရဲမေများနှင့်တကွ လက်ရှိ စစ်မြေပြင်တွင် ချင်းလူမျိုး၊ ချင်းပြည်သူလူထုတို့အတွက် ရဲစွမ်းသတ္တိ ပြည့်စုံစွာဖြင့် ခုခံကာကွယ်ပေးနေသော CPA အပေါ် တန်ဖိုးထား လေးစားပါသည်ဟု ULA/ AA က ဆိုသည်။
CPU/ CPA ကို ချင်းပြည်တောင်ပိုင်းမြို့များဖြစ်သော မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့တစ်စိတ်တစ်ဒေသကို ထိန်းချုပ်ထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်း၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် ဒေသတွင်း ချင်းတော်လှန်ရေးအင်အားစုကြီးတစ်ခုအဖြစ် အတည်ပြု ဖွဲ့စည်းနိုင်ခဲ့သည်။
CPU/ CPA တည်ထောင်ခြင်း ၁ နှစ်ပြည့်သို့ Zomi Feferal Union/ PDF Zoland၊ ကြားကာလ ခူမီးချင်း မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) ၊ အရှိုအမျိုးသားအဖွဲ့ချုပ် (ANO/ ANA)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/ SAF) ၊၊ YDFနှင့် YA တပ်ပေါင်းစည်းရေး ကော်မတီ၊ ယောလွတ်မြောက်ရေး တပ်တော် (YLA) နှင့် ချိုးလူမျိုးစု အသင်းတို့ကိုလည်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ထားကြောင်း သိရသည်၊

