(004SS)
မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာတနေရာမှာ ဖွင့်လှစ်သော Paletwa Education Centre ကျောင်းအား ယနေ့ ဇွန်လ ၃ ရက်နေ့တွင် KG မှ ၁၂ တန်းအထိ အတန်းစုံ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း Paletwa Education Centre ကျောင်း ဒါရိုက်တာ ဆရာမောဆက်ထံမှ သိရသည်။
လွန်ခဲ့သော မေလ ၂၂ ရက်နေ့တွင် အထက်တန်းအဆင့် ၉ တန်းမှ ၁၂ တန်းအထိ စတင်သင်ကြားပေးလျက်ရှိနေပြီဖြစ်ရာ ယနေ့တွင် KG အတန်းမှ အလယ်တန်းအားထပ်မံ ဖွင့်လှစ်လိုက်ခြင်းဟု သိရသည်။
“အရင် မေလ ၂၂ ရက်နေ့တုန်းက အတန်းကြီးတွေ အထက်တန်းအဆင့်ပေါ့၊ အခုကြတော့ KG ကနေ အတန်းအားလုံးပေါ့ ဒီနေ့စဖွင့်ပြီ” ဟု ဆရာမောဆက်က ပြောသည်။
အတန်းအားလုံး စတင်ဖွင့်လှစ်သော ယနေ့အထိတွင် တက်ရောက် ကျောင်းသူ/ကျောင်းသား ဦးေရပေါင်း ၄၅၀ ကျော်တက်ရောက်ပြီး ယနေ့တွင်လည်း ထပ်မံ ကျောင်းအပ်နှံသူများရှိနေသေးကြောင်း ၎င်းက ပြောသည်။
ကျောင်းသားဦးရေ များလာသောကြောင့် စာသင်ဆောင်မလုံလောက်သည့် အခက်အခဲများရင်ဆိုင်နေရကြောင်း သိရသည်။
“အခု ကျောင်းကို အတန်းစုံ ဖွင့်လှစ်ပြီဆိုပေမဲ့ ကျောင်းဆောင် ၃ ဆောင်ပဲရှိတော့ မလောက်ဘူး။ ကလေးတွေ များသွားတာပေါ့ နောက် ၂ ဆောင် လိုအုံးမှာ၊ အခုလောလောဆယ် မဆောက်နိုင်သေးဘူး။ လက်ရှိကတော့ ယောကျာ်းလေးအဆောင်နဲ့ မိန်းကလေးအဆောင်ကို စာသင်ဆောင်အတွက် သုံးရတယ်။ သူတို့ပစ္စည်းတွေ နေ့ခင်းမှာရွှေ့ ကြမ်းပြင်ပေါ် မောက်ခုံနဲ့ သင်ရတာ။ ညကျတော့ အဲမှာ ပြန်အိပ်ပေါ့ လောလောဆယ် အဲလို ပေါ့နော်” ဟု ဆရာမောဆက်က ပြောသည်။
Paletwa Education Centre ကျောင်းသည် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျောင်းသူ/သားများ ပညာဆက်လက်သင်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ဖွင့်လှစ်သည့် စစ်ဘေးရှောင်ကျောင်းဖြစ်သည်။
တက်ရောက်လာသူများမှာ မတူပီ၊ လိုင်လင်ပီ၊ ဆမီးနှင့် မြန်မာ- အိန္ဒိယနယ်စပ် စစ်ဘေးရှောင်များဖြစ်ကြပြီး ပလက်ဝမှ တက်ရောက်သူ အများဆုံးဟု သိရသည်။
လက်ရှိတွင် ဘာသာရပ် ၆ ရပ်ကို ဆရာ/မ ၂၅ ဦးဖြင့် သင်ကြားပေးရာ အပိုဘာသာအဖြစ် သိပ္ပံပညာ ဗဟုသုတ၊ ကွန်ပျူတာနှင့် အိဂ်လိပ်စကားပြောအတတ်ပညာအား ထပ်မံထည့်သွင်းသင်ကြားရန် ကြိုးစားနေဆဲဟု သိရသည်။
ထိုသို့ ကျောင်းဖွင့်လှစ်ရာတွင် အခက်အခဲများစွာရှိပြီး ကူညီထောက်ပံ့မှုလည်း များစွာလိုအပ်နေေသးကြောင်း ဆရာမောဆက်က ပြောသည်။
“ကျွန်တော်တို့ကလဲ မရှိတဲ့ကြားက ဖြစ်အောင်လုပ်တာဆိုတော့ မိဘပြည်သူတွေအနေနဲ့ ဆက်လက် ရပ်တည်နိုင်ဖို့ Paletwa Education Centre ရဲ့ ထောက်တိုင်လို အပြုသဘောနဲ့ ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။ နောက်ပြီး အခု ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်ပေးမဲ့ ဆရာ/ ဆရာမ တစ်ဦးလောက်တော့ အရမ်းလိုအပ်နေပါတယ်” ဟု Paletwa Education Centre ကျောင်း ဒါရိုက်တာ ဆရာမောဆက်က ပြောသည်။
လက်ရှိ အိန္ဒိယ- မြန်မာနယ်စပ်ရှိ ချင်းစစ်ဘေးရှောင်ပြည်သူများသည် ရာသီအပြောင်းအလဲကြောင့်သော်လည်းကောင်း သောက်ရေမသန့်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ငှက်ဖျားရောဂါများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။