(006SV)
မကွေးတိုင်း၊ ငဖဲမြို့နယ် မင်းဘူး- အမ်း လမ်းမပေါ်တွင် တပ်အပြောင်းအရွှေ့ပြုလုပ်ရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို CDF- အရှိုနှင့် PDF- ဧရာဝတီတို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
ဇူလိုင်လ ၉ ရက် နံနက် ၉ နာရီခန့်က ငဖဲမြို့နယ်၊ မင်းဘူး- အမ်း လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို (CDF- Asho) နှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (APDF) တို့၏ မဟာမိတ်ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၁၁ ရက်မှာ CDF- အရှို၊ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
မကွေးတိုင်းအနောက်ခြမ်းရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်းမှ တပ်အပြောင်းအရွှေ့ပြုလုပ်ရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို အမ်း- မင်းဘူး လမ်းပေါ်ရှိ မှိန်းစိမ်ရွာလမ်းခွဲအနီးတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းစစ်ကြောင်းက ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသည် တိုက်ပွဲနေရာမှာပင် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ထွက်ပြေးသွားသူများလည်းရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ထံမှ အမ်အေ သေနတ် ၁ လက်၊ G- 3 အမျိုးအစား သေနတ် ၁ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း CDF – အရှို၊ စစ်ရေးမှတ်တမ်းဌာနမှ သိရသည်။