(002MG)
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရှားတောကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ CNDF ရဲဘော်တစ်ဦးကို ဖမ်းဆီးပြီး ကျေးရွာအတွင်းရှိလူနေအိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ဩဂုတ်လ ၂၀ ရက်က ကလေးမြို့အနောက်တောင်ပိုင်း ရှားတောကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် CNDF ရဲဘော် ဆလိုင်း ဗန်ထာဘိခ် ဖမ်းဆီးခံရပြီး စစ်ကောင်စီက သတ်ဖြတ်မီးရှို့ခဲ့သည်ဟု CNO/CNDF ပြောခွင့်ရ Salai Timmy က ပြောသည်။
“စစ်ကောင်စီက နေအိမ်တွေမီးရှို့တယ်၊ကျွန်တော်တို့ CNDF ကရဲဘော်တဦးလည်းသူတို့က ဖမ်းပြီးမှ သတ်ပြီး နေအိမ်မီးရှို့တဲ့နေရာမှာတခါတည်းမီးရှို့တာ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကား (၅) စီးအပါအဝင် ခြေလျင်စစ်ကြောင်းဖြင့် ရှားတောကျေးရွာရှိ တော်လှန်ရေးတပ်ဖွဲ့ လုံခြုံရေးစခန်းအား အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့နောက် ရှားတောကျေးရွာနှင့် သုံးအိမ်စု ကျေးရွာတို့ကို မီးရှို့ခဲ့ပြီး သုံးအိမ်စုကျေးရွာက ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟုသိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့သို့ ပြန်လည်ဆုတ်ခွာသွားပြီဟု သိရသော်လည်း ကလေး အနောက်တောင်ပိုင်းတွင်ရှိသည့် ရှားတော၊ စီးစံ၊ လေးအိမ်စု၊ မြောင်းဆုံ၊ စက္ကန့်၊ သုံးအိမ်စု၊ ဆည်တောကျေးရွာက ဒေသခံများ တိမ်းရှောင်နေကြဆဲဖြစ်သည်။