(006SV)
မကွေးတိုင်းအခြေစိုက် CDF- အရှိုမှ ချင်းတော်လှန်ရေးရဲဘော်တစ်ဦးသည် သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရစဉ် ဆေးဝါးကုသမှု လုံလောက်စွာ မရခဲ့သောကြောင့် နှစ်ပတ်နီးပါးအကြာတွင် ကျဆုံးသွားခဲ့ရကြောင်း သတင်းရရှိသည်။
မကွေးတိုင်းအနောက်ခြမ်းတွင် စစ်အာဏာရှင်ကို တော်လှန်နေသည့် CDF – အရှိုမှ ရဲဘော် ဆလိုင်းမင်းမင်းစိုးသည် ဩဂုတ်လ ၁၃ ရက်တွင် စတင်ဖျားနာခဲ့ပြီး စခန်းရှိ ဆေးဝါးဖြင့် ကုသခဲ့သော်လည်း လုံလောက်သော ဆေးဝါးကုသမှု မရရှိခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါလက္ခဏာများဖြင့် ဩဂုတ်လ ၂၄ ရက်တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။
“အဓိက ဖြစ်စဉ်ကတော့ ဆေးဝါး မလုံလောက်တာရယ်၊ နောက်တန်းစခန်းမှာ နေမကောင်းတဲ့ ဖြစ်စဉ် တွေ အဖြစ်များတဲ့အတွက် တအားကြီးလည်း ဂရုမစိုက်မိလိုက်ဘူး။ သွေးအန်တဲ့အထိ ဖြစ်နေပြီ။ ရောဂါက ဆိုးဆိုးဝါးဝါးဖြစ်နေပြီ။ အဲဒါကိုပဲ ကျနော်တို့က ထားထားတဲ့ နောက်တန်းစခန်းမှာလည်း ရေကြီး ၊ ရေလျံမှုတွေ ကလည်းဖြစ်၊ မြေနေရာတွေကလည်း မလုံလောက်၊ ဆေးဝါးကလည်း ဝယ်ယူလို့လည်း မရဘူး။ ဒီအခက်အခဲတွေကလည်း စုံပြီး ဖြစ်သွားတယ်။ ခနောကြက်သားဆန်ပြုတ် ကလေးကအစ ဝယ်ဖို့က အဆင်မပြေဘူး။ အဲလို ဖြစ်သွားတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
မိုးရာသီဖြစ်သောကြောင့် စခန်းတွင် ရေကြီးရေလျံမှုတွေ ဖြစ်နေပြီး နေစရာအဆောင် မလုံလောက်ခြင်း၊ အဝတ်စိုများသာ ပြန်လည်ဝတ်ဆင်နေရခြင်းကြောင့် CDF – Asho များ တစ်ပတ်လျှင် အနည်းဆုံး ၅ ဦးမှ ၁၀ ဦးအထိ ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။
လတ်တလောတွင် ငှက်ဖျား၊ တုပ်ကွေး၊ အသဲရောင်အသားဝါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ အဖြစ်များနေကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
CDF – Asho တွင် ဆေးတပ်သား ရဲဘော် ၄ ဦးရှိပြီး ရှေ့တန်းစစ်ဆင်ရေးနေရာများနှင့် နောက်တန်းစစ်ဌာနချုပ်တွင်ပါ မျှပြီး တာဝန်ထမ်းဆောင်နေကြကြောင်း၊ စစ်မြေပြင် ရှေ့ဦးပြုစုခြင်းနှင့် သာမန်အဖျားရောဂါ လက္ခဏာများသာ ကုသပေးနိုင်ကြောင်း သိရသည်။
ပြင်းထန်ရောဂါနှင့် ကြီးမားသော ခွဲစိတ်ကုသမှုများကို နီးစပ်ရာ မဟာမိတ်တော်လှန်ရေး တပ်များနှင့် ချိတ်ဆက်ပြီး ကုသမှုပြုလုပ်နေရကြောင်း သိရသည်။
ရှေ့တန်းစစ်မြေပြင်နေရာမှ နောက်တန်းစစ်ဌာနစခန်းသို့ ဆေးဝါးသွားပို့ရမှုသည် အသွားအပြန် ၁၂ ရက် ဝန်းကျင် အချိန်ကြာမြင့်ပြီး လတ်တလောမှာလည်း ဆေဝါး မလုံလောက်မှုများ ရင်ဆိုင်နေရကြောင်း သိရသည်။
ဆေးဝါးလုံလောက်စွာ ကုသမှု မရရှိခြင်းကြောင့် ကျဆုံးခဲ့ရသော ရဲဘော် မင်းမင်းစိုး (ခ) ရဲထက်၏ သင်္ဂြိုဟ်ခြင်းအခမ်းအနားကို CDF- အရှို၏ နောက်တန်းစခန်း ဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။
CDF- အရှိုတပ်သည် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ခြမ်းက မကွေး – ရခိုင်အစပ်၊ မင်းဘူးခရိုင်ထဲတွင် စစ်ရေးလှုပ်ရှားနေသော တပ်ဖြစ်သည်။