(004SS)
အမျိုးသားညီညွတ်ရေးအစိုးရ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းအိုက်ဇက်ခင်၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းအမှုအတွက် အယူခံခွင့်ရရှိရေး ပြန်လည်စိစစ်ပေးရန် ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီက ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။
ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ၏ နာယကတစ်ဦးလည်းဖြစ်သည့် ဒေါက်တာဆလိုင်း အိုက် ဇက်ခင်သည် ဌာနတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကို ကျူးလွန်ခဲ့သည့်အတွက် ဩဂုတ်လ ၁ ရက်နေ့ တွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမှုခြင်းဆိုင်ရာမူဝါဒ ဗဟိုကော်မတီ၏ သုံသပ် ဆုံးဖြတ်ချက်နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် စွပ်စွဲခံရသူ၏ အယူခံခွင့်၊ ခံစားခွင့်မရှိသည်ကို တွေ့ရှိရသည့်အတွက် IKACC အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတထံ စက်တင်ဘာ ၁၀ ရက်နေ့တွင် အယူခံခွင်တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြား ခြင်း မရှိသောကြောင့် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း IKACC မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ကျွန်တော်တို့ထုတ်ပြန်တာဟာ NUG ကိုတိုက်ခိုက်တာမျိုး ဝေဖန်ရှုတ်ချတာမျိုးတော့မဟုတ်ဘူး။ ဆလိုင်းအိုက်ဇက်ခင်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူ့ရဲ့ အယူခံခွင့်တော့ ရှိရမှာပေါ့နော်။ အယူခံခွင့်မရတဲ့အပြင် အလုပ်ကနေ ထုတ်ပယ် လိုက်တာပေါ့နော်။ အလုပ်ထုတ်ရင်တောင်မှ သူ့ရဲ့ အယူခံခွင့်ကိုတော့ ကောင်းကောင်းမွန်မွန် လေ့လာစိစစ်ပေးပြီးမှ ပုဂ္ဂိုလ် ရေးပိုင်းကိုမကြည့်ဘဲနဲ့ပေါ့နော် လုပ်ထုံးလုပ်နည်းအတိုင်းကို NUG ဘက်ကနေလဲ အမှုကို အကောင်းဆုံးနဲ့ အမှန်ဆုံး ပေါ်ပေါက်လာနိုင်ဖို့ အကောင်းဆုံး ဆောင်ရွက်ပေးဖို့ကိုပဲ ပြောချင်ပါတယ်” ဟု IKACC မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်းနှင့်အမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုခြင်းဆိုင်ရာ အကာအကွယ်ပေးရေး ဗဟိုကော်မတီအနေဖြင့် တရားမျှတသော တရားစီရင်ရေးကို အလေးထားသည့်အနေဖြင့် စွပ်စွဲခံရသူ၏ အယူခံခွင့် ခံစားခွင့်ကို ပြန်လည်ခွင့်ပြုနိုင်ရေးကို တာဝန်ရှိသူများအနေဖြင့် ပြန်လည်စိစစ် သင့်ကြောင်း IKACC က ထုတ်ပြန်သည်။