(004SS)
ချင်းပြည်နယ်၊ မရာနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူသည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို တွေ့သည့်နေရာတွင်ပင် သုတ်သင်ရှင်းလင်းသွားမည်ဟု CDF- Mara က ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။
နွေဦးတော်လှန်ရေး အရှိန်မြင့်လာသည်နှင့်အမျှ စစ်ကောင်စီသည် မိမိထွက်ပေါက်လမ်းကြောင်းရှာကြံကာ အောက်တိုဘာ ၁ ရက်နေ့မှစ၍ သန်းခေါင်စာရင်းကောက်ယူနေပြီး CDF- Mara အနေဖြင့် မိမိတို့မူဝါဒနှင့်အညီ စစ်ကောင်စီကို အမြတ်ပြတ်ချေမှုန်းရန်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့်အလျောက် ၎င်းတို့ ထွက်ပေါက်လမ်းဖြစ်သော ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းကို လုံးဝ (လုံး၀) လက်သင့်မခံကြောင်း CDF- Mara ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မရာနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူသည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို တွေ့သည့်နေရာတွင်ပင် သုတ်သင်ရှင်းလင်းသွားမည်ဟု CDF- Mara က ပြင်းပြင်းထန်ထန် သတိပေးထားသည်။
အလားတူ CDF-Hualngoram ကလည်း စစ်ကောင်စီက တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် သန်းခေါင်စာရင်းများအား အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း ကောက်ခံနေသည့်အပေါ် ပြင်ဆင်နေမှုအပေါ် အပြင်းအထန် ကန့်ကွက်သည်ဟု အောက်တိုဘာလ ၁ ရက်နေ့ကထုတ်ပြန်သည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲအားဗန်းပြပြီး ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် စစ်အာဏာရှင်သက်ဆိုး ရှည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး Hualngoram ဒေသအတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ ယန္တာရားလည်ပတ်နိုင်ရန်နှင့် သန်းခေါင်စာရင်းများအား ပေးပို့ခြင်းဖြင့် ပံ့ပိုးကူညီသည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ကိုမဆို လိုအပ်သလို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟုဆိုသည်။
Hualngoram ဒေသအတွင်းနေထိုင်ကြသော ပြည်သူများနှင့် အနယ်နယ် အရပ်ရပ် မှစစ်ဘေးရှောင်ရင်း ခိုလှုံနေထိုင်ကြသော ပြည်သူများအနေဖြင့် စစ်ကောင်စီပြုတ်ကျရေးနဲ့ စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်ချက်များအား ထိထိရောက်ရောက် ဆန့်ကျင်တော်လှန်ကြရန်လည်း CDF-Hualngoram က အသိပေးထုတ်ပြန်အပ်ထားသည်။
ချင်းတော်လှန်ရေးအင်အားစုအဖွဲ့များဖြစ်ကြသော CDF- Hakha၊ PDF-Zoland နှင့် ချင်းညီနောင်တပ်ဖွဲ့များက စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပူးပေါင်းပါဝင်သော မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု သတိပေးချက်အသီးသီး ထုတ်ပြန်ထားပြီးဖြစ်သည်။
စစ်ကောင်စီသည် နိုင်ငံရေးနောက်ဆုံးထွက်ပေါက်တစ်ခုအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်ထားပြီး ယင်းအတွက် သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ စတင်ကောက်ယူနေပြီဖြစ်သည်။
မြို့နယ် ၉ မြို့နယ်ရှိသော ချင်းပြည်နယ်တွင် စစ်ကောင်စီက ဟားခါးမြို့နှင့် ဖလမ်းမြို့တို့တွင် သန်းခေါင်စာရင်းများကို လုံခြုံရေးအပြည့်ဖြင့် ကောက်ယူခဲ့ပြီး အောက်တိုဘာလ ၁ ရက် သန်းခေါင်စာရင်းစတင်ကောက်ယူသည့်နေ့တွင် ဟားခါးမြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။