ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ စစ်ကောင်စီတပ်ဖွဲ့၏ Ruavazung စခန်း ကို ချင်းလဲန်းကောင်စီ /ချင်းပြည်အစိုးရတပ်ဖွဲ့က ယနေ့သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၉ ဦးကိုလည်း ဖမ်းမိထားသည်ဟု သိရသည်။
ယနေ့ နိုဝင်ဘာလ ၃၀ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် Ruavazung စခန်းကို သိမ်းပိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖက်က ခလရ(၂၂၂)မှ ဗိုလ်ကြီးတဦးနှင့် ရဲမှူးအပါအဝင် ၁၀ ယောက်ကျော်သေဆုံးသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ယင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၁၉ ဦးကို ဖမ်းမိထားပြီး သေနတ်အလက် ၄၀ ကျော်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။
ဟားခါး နှင့် ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်ဒေသတဝိုက်မှာခြေကုတ်ယူတပ်စွဲထားကြသော စစ်ကောင်စီ တပ်စခန်းများကို ချင်းပြည်အစိုးရတပ်ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်ခန့်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ရေးအရရေးပါသော ပွိုင့် ၃ စခန်းကုန်းကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။
နောက်ဆုံးရရှိသည့်သတင်းများအရ သီမြစ်လွင်ပြင်ဒေသတွင် တပ်စွဲထားကြသော စစ်ကောင်စီစခန်းအားလုံးကို ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်ထားပြီဟုသိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးပေ။