(006SV)
ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲများက ထွက်ပြေးလာကြသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၁၂ ဦးတို့ကို ACDF နှင့် တော်လှန်ရေးပူးပေါင်းတပ်က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
“သူတို ပြေးလာတယ်ဆိုတာ သတင်းရလို့ ဖမ်းတာပါ။ ဖမ်းမိတဲ့ ဒေသကတော့ လုံခြုံရေးရှိလို့ ပြောလို့မရသေးပါဘူး။ ခုကတော့ ကျနော်တို့ ထိန်းသိမ်းထားပါတယ်။ စစ်သုံ့ပန်းတွေ ဖမ်းမိတဲ့ ရက်က ပြန်မေးထားတုန်းပါ။ မနေ့ကပဲ လိုင်းတွေ ရလို့ အဆက်အသွယ်ရတာပါ” ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။
အာရက္ခတပ်တော် ULA/ AA က အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို အပြီးသတ် သိမ်းနိုင်ရေး ထိုးစစ် ဆင်လျက်ရှိရာမှ စစ်သုံ့ပန်း ၁၂ ဦးသည် တိုက်ပွဲအတွင်းက ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ MA-1 သေနတ် ၁လက်၊ MA-3 သေနတ် ၁ လက်၊ Type-81 ၁လက်၊ ပစ္စတို တစ်လက်၊ ကွန်ပျူတာ ၁ လုံး၊ ဖုန်း ၁ လုံးနှင့် ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
အမ်းတိုက်ပွဲမှ ထွက်ပြေးလာကြောင်း သတင်းရ၍ အရှိုချင်းကာကွယ်ရေးတပ်(ACDF)၊ New Society Army (NSA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို စနစ်တကျ ထိန်းသိမ်းထားပြီး ဒဏ်ရာများကို ဆေးဝါးကုသမှု ပေးထားသည်ဟု သိရသည်။
ဒေသအသီးသီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့အပေါ် အနိုင်အထက်ပြုမှုသော စစ်အာဏာရှင်ကို အသေခံတိုက်မပေးသင့်ဘဲ ထွက်ပြေးတိမ်းရှောင်ကာ လူထုဘက် ရပ်တည်ရန် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်သည်။
အမ်းမြို့တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆုတ်ခွာလာသော တပ်ဖွဲ့ဝင်များကို မကွေး – ရခိုင်နယ်စပ်များတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယခု ရက်ပိုင်းတွင် မကြာခဏ တိုက်ခိုက်ပြီး ဖမ်းဆီးရမိမှုများ ရှိသည်။