(005MK)
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အကျဉ်းထောင်ထဲ မူးယစ်မှုဖြင့် အကျဉ်းကျနေသော မြန်မာနိုင်ငံက ချင်းအမျိုးသမီးနှစ်ဦးသည် ယနေ့မနက်အစောပိုင်းက ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားကြသည်ဟု သိရသည်။
အဆိုပါအမျိုးသမီးနှစ်ဦးမှာ ကလေးမြို့ တာဟန်း C ရပ်ကွက်မှာနေထိုင်သော အသက် ၃၆ နှစ်အရွယ် Vansuiengi နှင့် ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက် (Khawmawi) တွင်နေထိုင်သော အသက် ၄၄ နှစ်အရွယ် Lalchhanmawii တို့ဖြစ်ကြသည်ဟု မီဇိုရမ် ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သော Bengvarna က ဖော်ပြသည်။
ယနေ့ ဒီဇင်ဘာလ ၁၈ ရက်မနက်အစောပိုင်း ၂ နာရီခန့်တွင် သွပ်ပြားဖြင့်ကာရံထားသော ထောင်နံရံကို ချိုးဖောက်ပြီး ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု သိရသည်။
၎င်းတို့နှစ်ဦးသည် ဘိန်းဖြူကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူများဖြစ်ကြပြီး တရားရုံးတွင် အမှုရင်ဆိုင်နေဆဲကာလဖြစ်သည်ဟု ဆိုသည်။
Lalchhanmawii သည် ယခင်ကလည်း ဘိန်းဖြူကြောင့် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ထောင်ဖောက်ထွက်ပြေးခဲ့ပြီးဖြစ်သည်။
သူမကို ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်နေ့မှာ ကျန်ဖိုင်းမြို့တွင် ပြန်လည်ဖမ်းဆီးခဲ့ကြသည်။
ယခုအခါ ဒုတိယအကြိမ်မြောက် ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။