(006SV)
မလေးရှားနိုင်ငံမှာ ဇန်နဝါရီလအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ဝန်းကျင်ဖမ်းဆီးခံရမှုတွင် ချင်းလူမျိုး အများအပြားလည်း ပါဝင်ကြောင်း မလေးရှားနိုင်ငံတွင် ချင်းဒုက္ခသည်များအရေး ကူညီပေးနေသည့် Alliance of Chin Refugees အဖွဲ့ထံမှ သိရသည်။
မလေးရှားနိုင်ငံမြို့တော် ကွာလမ်လာပူ၊ ဂျိုဟိုး၊ ပီနန်၊ ကမာရွန်ဟိုက်လန်း၊ ရှားအလန်း၊ ဂျလန်အာလာ စသည့် ပြည်နယ်နှင့် နေရာအစုံတွင် အထောက်အထားမဲ့မြန်မာများ ရာချီဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖမ်းဆီးရခံမှုများတွင် မလေးရှားရောက် အထောက်အထားမဲ့ ချင်းလူမျိုးအများအပြားလည်း ပါဝင်ပြီး၊ အရေအတွက် အတိအကျကို လတ်တလောတွင် မသိရှိရသေးကြောင်း Alliance of Chin Refugees အဖွဲ့ ဥက္ကဌ James Bawi Thang Bik က ပြောသည်။
“အခုတလောကတော့ ချင်းတွေအတွက် တိုင်ပတ်တယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ပေါ်လစီကလည်း ပြောင်းတယ်။ UNHCR အကြီးအကဲကလည်း အသစ်ပြောင်းသွားတယ်။ မလေးရှားအစိုးရကလည်း အာဆီယံဥက္ကဌဖြစ်တယ်။ ဒီလို အပြောင်းအလဲ ကာလမှာ အဖမ်းအဆီးကလည်း အမြဲတမ်းရှိတယ်ဆိုတော့ အမြဲတမ်းတော့ အန္တရာယ်များတယ်” ဟု James Bawi Thang Bik က ပြောသည်။
မလေးရှားတွင် အထောက်အထားမဲ့ နိုင်ငံခြားသားများကို ဖမ်းဆီးမှုများ ယခင်ထက် ပိုမိုလုပ်ဆောင်နေပြီး ယခင်က ဖမ်းဆီးမှုများ မပြုလုပ်သော နိုင်ငံခြားသားများ လည်ပတ်ရာ ဂျလန်အာလော နေရာကိုပင် ပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၈၀,၀၀၀ ကျော် ရောက်ရှိနေပြီး ၂၀,၀၀၀ ကျော်သည် ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသူ များဖြစ်ကာ တရားဝင်အထောက်အထား မရှိကြသည့် ချင်းလူမျိုးအများအပြားလည်း ရှိနေကြောင်း သိရသည်။
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ လက်မှတ်ထိုးထုတ်ပြန်လိုက်သော ဒုက္ခသည် မူဝါဒအသစ်ကြောင့် မလေးရှားနိုင်ငံမှ ချင်းလူမျိုး ဒုက္ခသည်အများအပြား၏ လေယာဉ်ခရီးစဉ်နှင့် ပြည်ဝင်ခွင့်များ ယာယီဆိုင်းငံ့ခံထားရကြောင်းသိရသည်။