(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ဒိုးနွယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဒိုးနွယ်ကျေးရွာကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့က မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
“ ဒိုးနွယ်ကျေးရွာကိုလေကြောင်းနဲ့ ဗုံးကြဲသွားတယ်။ အပြစ်မဲ့ပြည်သူ (၁)ဦးဆုံးတယ်။ ဒဏ်ရာရထားတဲ့သူတွေလည်းရှိ တယ်။ အခုတောင်ပိုင်းဒေသတွေက စစ်ကောင်စီကနေ ဖုန်းတာဝါတွေကို ဗုံးကြဲသွားတော့ လေကြောင်းကနေလည်း တိုက်ခိုက်သွားတော့ လုံးဝဖုန်းလိုင်းပြတ်တောက်နေတယ်။” ဟု ကလေးမြို့နယ်တောင်ပိုင်း စစ်ဘေးရှောင်တာဝန်ခံ ကပြောသည်။
အဆိုပါ သေဆုံးသူသည် အသက် (၆၂) နှစ် အရွယ် အမျိုးသားဖြစ်ပြီး ကျေးရွာနေအိမ်အတွင်းရှိနေစဉ် ဗုံးစထိ မှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ကလေးငယ်အပါအဝင် အမျိုးသမီး (၇) ဦး ထိခိုက် ဒဏ်ရာရရှိပြီး လက်ရှိတွင် ဆေးဝါးကုသမှု ခံယူနေသည်ဟု သိရသည်။
စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်ပျက်စီးမှုများရှိနိုင်သော်လည်း လတ်တလောတွင် ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် ပျက်စီးမှုများအား အတည်ပြုနိုင်ရန်ခက်ခဲကာ ဒေသခံများသည်လည်း စစ်ဘေးထပ်မံ တိမ်းရှောင်မှုများရှိသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီသည် ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအား လက်နက်ကြီးဖြင့်ရမ်းသမ်း ပစ်ခတ် ခြင်းများ နေ့စဉ်ပြုလုပ်နေသည့်အပြင် နေ့ခင်းပိုင်းအချိန်များတွင် ဂျက်ဖိုက်တာဖြင့် ကင်းလှည့်ခြင်း၊ ညပိုင်းအချိန်တွင် Y-12 ထောက်ပို့လေယာဉ် ပျံဝဲခြင်းများ ပြုလုပ်နေကြောင်း စစ်ဘေးရှောင်တာဝန်ခံပြောသည်။