(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) ၏ ထိန်းချုပ်နယ်မြေအတွင်း ဒိုင်ရ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF- ဒိုင်ရ်တို့ကို စတားလင့်ခ် အင်တာနက် အခမဲ့သုံးစွဲခွင့်ပြုရန် ညွှန်ကြားထားသည်ဟု သိရသည်။
ဒိုင်ရ်ဒေသအတွင်းရှိ စတားလင့်ခ် အင်တာနက်ပိုင်ရှင်များအနေဖြင့် ဒိုင်ရ်အုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရဲဘော်၊ ရဲမေများကို အခမဲ့အသုံးပြုခွင့်ပြုရန် မတ်လ ၅ ရက်က ဒိုင်ရ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
“တိုင်းပြည် နှင့် ဒေသ၊ အများအကျိုးအတွက် လစာမဲ့ ခက်ခက်ခဲခဲပေးဆပ် အနစ်နာခံနေကြတဲ့ ရဲဘော်တွေ၊ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့တွေ၊ ကောင်စီဝင်တွေအတွက် လုပ်ငန်းအဆင်ပြေချောမွေ့မှု ရှိအောင် ဒိုင်ရ်ဒေသတစ်ခုလုံးကို ညွှန်ကြားထား တာဖြစ် ပါတယ်။ တပ်ရင်းတပ်ဖွဲ့တိုင်းမှာလည်း wifi တပ်ဆင်ပေးထားတာဖြစ်လို့ လမ်းကြုံမှ၊ အရေးပေါ်မှ သုံးစွဲဖြစ်ကြမှာပါ။ wifi ပိုင်ရှင်တွေအတွက်လည်း အများကြီး နစ်နာစရာ ရှိပါဘူး။ အဖွဲ့အစည်း နှင့် လူထုက အမြဲအမှီသဟဲပြုကြရမှာ ဖြစ်ပါတယ်” ဟု ဒိုင်ရ်ဒေသန္တရကောင်စီ ပြောရေးဆိုခွင့်ရှိသူ Salai Chris Born က ပြောသည်။
ဒိုင်ရ်ဒေသန္တရအစိုးရ၊ ဒိုင်ရ်ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ယူထားသော ပုဂ္ဂိုလ်များ၊ ဌာနအသီးသီးတွင် တာဝန် ပေးထားသော ပုဂ္ဂိုလ်များနှင့် CDF – ဒိုင်ရ်မှ တပ်ရင်း၊ တပ်ဖွဲ့များ လုပ်ငန်းကိစ္စ ဆောင်ရွက်လိုပါက စတားလင်ခ့် (Starlink) အင်တာနက်ကို အခမဲ့ သုံးစွဲခွင့်ပြုရမည်ဟု ဆိုသည်။
ဒိုင်ရ်ဒေသအတွင်း ဒေသခံပြည်သူများအနေဖြင့် စတားလင်ခ့် အင်တာနက်ကို အသုံးပြုလိုပါက တနာရီလျှင် ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ ပေးရသည်ဟု သိရသည်။
ဒိုင်ရ်ဒေသက စတားလင့်ခ်အင်တာနက်လိုင်းပိုင်ရှင်တချို့သည် စတားလင့်ခ်ကို တန်ဖိုးကြီးမာစွာ ဝယ်ယူ၍ ရင်းနှီးထားရမှုနှင့် ဘေလ်ပြန်ဖြည့်ရမှုတို့ကြောင့် အခမဲ့ သုံးစွဲခွင့် မပြုလိုဘဲ ထိုက်သင့်သော အခကြေးငွေပေးစေလိုသည်ဟု ပြောသည်။
ချင်းပြည်နယ်တောင်းပိုင်း ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်တို့တွင် ဒိုင်ရ်ဒေသန္တရကောင်စီသည် ဒိုင်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်း၍ အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လည်ပတ်နေသည်။