(005MK)
ချင်း(ဇို) မျိုးနွယ်စု အချင်းချင်းကြား စည်းလုံးညီညွတ်ရေး နှင့် စိတ်ဝမ်းကွဲစေနိုင်မည့် အမုန်းစကားများ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဖြန့်ဝေခြင်းမပြုကြရန် Zo-Reunification Organiation (ZORO) က တောင်းဆိုလိုက်သည်။
ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာ Facebook နှင့် Youtube တွင် စာဖြင့်သော်လည်းကောင်း၊ ရုပ်သံဖြင့် သော်လည်းကောင်း စည်းလုံးညီညွတ်မှုပြိုကွဲစေနိုင်သည့် စိတ်ဝမ်းကွဲစေနိုင်သော အမုန်းစကားများ ပေါပေါက်ခဲ့မှု အပေါ် စိတ်မကောင်းဖြစ်ရသည်ဟု ZORO က ယနေ့မတ်လ ၁၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။
ထိုကဲ့သို့အမုန်းစကားများဖြန့်ဝေမှုများကြောင့် ချင်း(ဇို) မျိုးနွယ်စုများအကြား မလိုလားအပ်သော ဆိုးကျိုးများသက် ရောက်နိုင်သည့်အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်ကတဆင့် အပြန်အလှန် ဝေဖန်တိုက်ခိုက်သောအရေးအသား နဲ့ ရုပ်သံများ ထုတ်လွှင့်ခြင်းမပြုကြရန် ZORO က တောင်းဆိုထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းကစ၍ မီဇိုရမ်ပြည်နယ်က နာမည်ကြီးအဆိုတော်တစ်ယောက်က မီဇိုရမ်ပြည်နယ်အတွင်းနေထိုင်ကြ သော မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေး ပြောဆိုထောက်ပြမှုနှင့်ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်တိုက်ခိုက်မှုများ အပြင်းအထန်ထွက်ပေါ်ခဲ့သည်။
မီဇိုရမ်ပြည်နယ်တွင်ရောက်ရှိနေကြသော ချင်းစစ်ဘေးရှောင်များ၏ နေပုံထိုင်ပုံများနှင့်ပတ်သက်၍ ယင်းအဆိုတော်က ဝေဖန်ထောက်ပြ ပြောဆိုခဲ့ပြီးနောက် ထောက်ခံသူ နှင့် မထောက်ခံသူများအကြား လူမှုကွန်ယက်စာမျက်နှာဖော်တွင် အပြန်အလှန်တိုက် ခိုက်မှုများ ပြင်းထန်စွာထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာအရပ်ရပ်က ချင်း(ဇို)မျိုးနွယ်စုများပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းနေသည့်ကာလတွင် ယခုကဲ့သို့ စည်းလုံးမှုပြိုကွဲစေနိုင်သော အမုန်းစကားများဖြန့်ဝေပြောဆိုမှုများကို ရပ်တန့်ကြရန် ZORO ကတောင်းဆိုသည်။
မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ZORO သည် ၁၈၉၂ ခုနှစ် ချင်း-လူရှိုင်းညီလာခံ သဘော တူညီ ချက် အပိုဒ် ၁ နှင့် ၂၀၀၇ ခုနှစ် ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာကုလသမဂ္ဂကြေငြာစာတမ်းအရ မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ ပိုင်းခြားအုပ်ချုပ်ခံရနေသော ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင်များ အုပ်ချုပ်မှု တစ်ခုအောက်မှာ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။
ZORO အဖွဲ့အစည်းအနေဖြင့် ကမ္ဘာအရပ်ရပ်မှာရှိနေကြသော ချင်း(ဇို) မျိုးနွယ်စုများအချင်းချင်းကြားပြန်လည်ပေါင်း စည်းညီညွတ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။