(004SS)
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က စာသင် ကျောင်းများဖွင့်လှစ်ရန်ပြင်ဆင်နေပြီး ယင်းအတွက် ပညာသင်ကြားပေးရန် မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်နေကြသော ပလက်ဝဒေသခံ ကျောင်း ဆရာ၊ ဆရာမများကို ပလက်ဝမြို့နယ် အကျိုးဆောင်ကော်မတီက ကမ်းလှမ်းစာပေးပို့ကာ ဖိတ်ခေါ်နေကြောင်း သိရသည်။
လွန်ခဲ့သော ဖေဖော်ဝါရီလ ၇ ရက်နေ့က ပလက်ဝမြို့နယ် အကျိုးဆောင်ကော်မတီသည် မြို့နယ်အတွင်းရှိ ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေးကို လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ပညာရေးဦးဆောင်ကော်မတီ နာယကအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးကြသည်ဟုသိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ပညာရေးဦးဆောင်ကော်မတီ နာယကအဖွဲ့ဝင်များ၏ အကြံပေးညွန်ကြားချက်အရ ပလက်ဝမြို့ ပေါ်နှင့် ကျေးရွာများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လာမည့် ဇွန်လတွင် အခြေခံ အထက် တန်းကျောင်း G-12 အထိ ဖွင့်လှစ်ရန်စီစဉ်နေကြသည်ဟု ဆိုသည်။
ထို့အတွက် ခူမီး(ချင်း) ဘာသာစကားဖြင့် သင်ကြားပို့ချနိုင်မည့် အထက်တန်းပြ ကျောင်းဆရာ/ဆရာမ များအထူးလိုအပ်ပြီး မီဇိုရမ်ရောက် ပလက်ဝစစ်ဘေးရှောင်ကျောင်းများအနေဖြင့် စေလွှတ်ပေးနိုင်ရန်နှင့် မရှိပါကလည်း မြန်မာ ဘာသာဖြင့်သင်ကြား ပို့ချပေးနိုင်မည့် ဆရာ၊ဆရာမများကို စေလွှတ်ပေးနိုင်ရန် ပလက်ဝမြို့နယ် အကျိုးဆောင်ကော်မတီက စာပေးပို့ကာ တောင်းဆိုထားခြင်းဖြစ်သည်။
မီဇိုရမ်ပြည်နယ်အတွင်းရှိ ပလက်ဝစစ်ဘေးရှောင်ကျောင်း တစ်ခုထံ သိပ္ပံဘာသာရပ် ကျွမ်းကျင်သူ ဆရာ၊ဆရာမ ၅ ဦးလိုအပ်ကြောင်း၊ ၎င်းတို့အတွက် တစ်ဦးလျှင် လစဉ်ထောက်ပံ့ကြေး ၄ သိန်းမှ ၅ သိန်းပေးအပ်မည့်အကြောင်း ကမ်းလှမ်းထားသည်ဟုလည်း သိရသည်။
အဆိုပါ ကမ်းလှမ်းတောင်းဆိုချက်နှင့် ပါတ်သက်၍ မီဇိုရမ်ရောက် ပလက်ဝ စစ်ဘေးရှောင်အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက “အခုအေအေက စစ်မှုထမ်းဥပဒေလဲခေါ်တာပေါ့ ဆိုတော့ ဘယ်သူမှ ပြန်ချင်မှာ မဟုတ်ဘူး။ ပြန်ရင်လဲ ကလေးတွေအတွက်ကတော့ လုံခြုံမှုရှိမှာမဟုတ်ဘူးပေါ့လေ။ သူတို့ကစာပေးတာပဲရှိတာဆိုတော့ ကျွန်တော်တို့လဲ နားမလည်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အေအေအနေနဲ့လဲ ဒီလို လမ်းကြောင်း ဖွင့်ပေးတယ် ဆိုတာက ပလက်ဝမြို့နယ်မှာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပါတ်မှု ပိုပြီးအားကောင်းအောင် လုပ်တာလား ဒါမှမဟုတ် ဒီဟာအားဖြင့် ပလက်ဝမှာ ကျွန်တော်တို့နေတာကို လက်ခံပါတယ် ဆိုတဲ့အကြောင်း သက်သေပြချင်တာလား။ ဒါပေမဲ့ သူတို့ရဲ့ အပြုအမူတွေကတော့ ကျွန်တော်တို့နဲ့ တသားတည်းရှိတယ်ဆိုတာမျိုး မဟုတ်သေးဘူးပေါ့လေ။ ဆိုတော့ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားပိုပြီး ခိုင်မာအောင် ဗန်းပြလုပ်တဲ့သဘောပဲလို့ မြင်တယ်။ နောက် အခု ဒီပညာရေးက ဘယ်ကအသိ အမှတ်ပြုတဲ့ပညာရေးလဲ NUG လား SAC လား ဘာမှ မသိရဘူး။ ကလေးတွေရဲ့ အတန်းကို ဘယ်သူတွေက တင်ပေးမှာ လဲဆိုတာမျိုးလဲ ရှိသေးတော့ စဉ်းစားစရာဖြစ်တယ်။ လောလောဆယ်တော့ စောင့်ကြည့်နေတုန်းေပါ့။ သူတို့ပို့ထားတဲ့ စာကိုတော့ ဘာမှ မပြန်ရသေးဘူး” ဟု ပြောသည်။
လက်ရှိ ပလက်ဝမြို့နယ်တွင် မိသားစုအခြေအနေအမျိုးမျိုးကြောင့် စစ်ဘေးရှောင်ရန် ခက်ခဲသောသူများသာကျန်ရှိပြီး အများစုမှာ မီဇိုရမ်းပြည်နယ်၊ ဟားခါးမြို့နှင့် ရန်ကုန်မြို့တို့တွင် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့အနေဖြင့် ပြည်တွင်းနှင့် နယ်စပ် မီဇိုရမ်ပြည်နယ်တွင် ကြားကာလ ပြည်သူ့အခြေပြု ကျောင်းပေါင်း ၁၁၉ ကျောင်းဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၀၀၀ ကျော်ကို ဆရာ၊ ဆရာမ ၅၅၀ နီးပါးက ပညာသင်ကြားပေးနေသည်။