(005MK)
မီဇိုရမ်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်တဝန်းလုံးမှာ ရေကြီး မြေပြိုမှုများဖြစ်ပွားလျှက်ရှိကာ Vaphai ကျေးရွာက မြေပြိုမှုတွင် စစ်ဘေးရှောင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့မေလ ၃၁ ရက်မနက်ပိုင်း ၄ နာရီခန့်တွင် ကျန်ဖိုင်းခရိုင် Vaphai ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များငှါးရမ်းနေထိုင်သည့် နေအိမ်တစ်လုံးပြိုကျခဲ့ခြင်းဖြစ်သည်။
မြေပြိုမှုကြောင့် သေဆုံးသွားသူများမှာ ကလေးမြို့နယ် Vutbuak ကျေးရွာမှ Vaphai ကျေးရွာသို့ စစ်ဘေးရှောင်လာ ကြသော အသက် ၇၁ နှစ်အရွယ် Pu Lenkhuaithanga၊ အသက် ၄၈ နှစ်အရွယ် Pi Lalneihthuami နှင့် ကိုယ်ဝန် ၄ လ လွယ်ထားရသော အသက် ၃၄ နှစ်အရွယ် Pi Lalramniengi တို့ဖြစ်ကြသည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာဖော်ပြ ထားသည်။
Pi Lalramniengi ၏ အမျိုးသား Pu Pekhmingthanga နှင့် Lalzama တို့ နှစ်ဦးမှာ ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှလွတ်မြောက်ခဲ့ကြပြီး ဒဏ်ရာကိုယ်စီရရှိခဲ့ကြသည်ဟု ဖော်ပြထားသည်။
မြေပြိုမှုကြောင့် သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းကို Vaphai ကျေးရွာတွင် ယနေ့နေ့လယ်ပိုင်းက မြေမြုပ်သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။
အလားတူ Serchhip မြို့မှာလည်း ယနေ့မနက်ပိုင်းက မြေပြိုမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့မှာလည်း ယမန်နေ့ညက မြေပြိုမှုဖြစ်ပွားကာ တည်းခိုခန်း နှင့် နေအိမ်အနည်းဆုံး ၅ လုံးခန့်ပြိုကျခဲ့ပြီး အပျက်စီးကြားပိတ်မိနေသူများကို ကယ်ထုတ်နိုင်ပြီလို့သိရသည်။