(004SS)
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကိုဆက်သွယ်နိုင်မည့် နယ်စပ်ကားလမ်းကို မာရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မာရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) ဦးဆောင်မှုဖြင့်ဖောက်လုပ်နေသည် ဟုသိရသည်။
“မရာနယ်မြေ၊ ပါရာကျေးရွာကနေ ပလက်ဝကို ဆက်သွယ်ပေးမဲ့ လမ်းပေါ့။ ပါရာရွာဆိုတာက အိန္ဒိယ နယ်စပ်က ရွာပါ။ လက်ကီနဲ့ နီးတယ် လက်ကီကတော့ ကားလမ်းပေါက်ပြီးသားပေါ့။ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ကနေ စတင်ဆောင် ရွက်နေပြီ ဒါပေမဲ့ မြေပြင်မှာ ဇူလိုင် ၁၇ ရက်ကမှ အကောင်အထည် ဖော်နိုင်တာ။ အဓိကတော့ ကုန်သွယ်ရေးလမ်းအတွက် ဖောက်တာပေါ့။ ရွာချိတ်ဆက်လမ်းတော့ မဟုတ်ဘူးပေါ့နော်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်စည် ဖလှယ်ဖို့အတွက် နောက်ပြီးတော့ ကုန်းလမ်းကနေဝင်လာတဲ့ အခွန်တွေအတွက်ပေါ့” ဟု MTC/MDF ပြောရေးဆိုခွင့်ရှိသူ ဓူဝံက ပြောသည်။
ယခုဖောက်လုပ်နေသော နယ်စပ်ကားလမ်းမကို ၂၁ ပေအကျယ်၊ ၃ ပေရေမြောင်းပါ မြေသားလမ်းအဖြစ် ဖောက်လုပ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းအတွက် အိန္ဒိယရူပီးငွေသိန်း ၆၀ မှ ၈၀ ကြား ကုန်ကျမည်ဟု ခန့်မှန်းကြောင်း၊ လမ်းဖောက်လုပ်ပြီးစီးပါက မရာဒေသတစ်ခုလုံးအတွက် စီးပွားရေးအကျိုးကျေးဇူးများစွာ ရရှိလာမည်ဟု မျှော်မှန်းထား ကြောင်း သူကဆက်ပြောသည်။
“အခု ကျွန်တော်တို့ ဖောက်တဲ့လမ်းကကျတော့ နွေရာသီမှာ ပိုပြီးတော့မှ တိုတောင်းတယ်။ ကုန်သွယ်ရေးအတွက် လဲ ပိုပြီးတော့မြန်ဆန်မယ်။ ဆိုတော့ ဒီလမ်းဖောက်ခြင်းအားဖြင့် ကျွန်တော်တို့ မရာဒေသ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း မရာဒေသတစ်ခုလုံးအတွက် များစွာအကျိုးပြုမယ်လို့ မျှော်လင့်ပါတယ်” ဟု MTC/MDF မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လမ်းဖောက်လုပ်ရာတွင် MTC/MDF က အဓိကတာဝန်ယူထားပြီး အခြားအဖွဲ့အစည်းများ၏ ပံ့ပိုးမှုများလည်းရှိကြောင်း သိရသည်။