(006SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ တိုက်နယ် ၅ ဒေသမှာ ပြောင်းစိုက်ခင်းများ ပိုးကျမှုကြောင့် ပျက်စီးဆုံးရှုံးမှု များပြားပြီး ဒေသခံထောင်ချီသည် စားဝတ်နေရေး လုံးဝခက်ခဲနေသော အခြေအနေ ကြုံတွေ့နေရသည်ဟု ကန်ပက်လက် ချင်းအင်အားစု များထံမှ သိရသည်။
တိုက်နယ်အမှတ် ၅ ဒေသသည် ပြောင်းဖူးကို အဓိက အခြေခံစားသုံးကုန်အဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် တစ်အိမ်ခြေတွင် မျှမ်းမျှ သုံးဧကမှ ငါးဧကဝန်းကျင် စိုက်ပျိုးကြရာ ပြောင်းတစ်ခင်းလုံးတွင် တစ်တင်းမှ ၂ တင်းခန့်တောင် မရရှိကြောင်း သိရသည်။
“အဲဒီမှာ သူတို့ မှီခိုပြီး စိုက်ပျိုးတဲ့ ဒီပြောင်းဖူးက ဒီ ၂၀၂၅ ခုနှစ်မှာ ပျက်စီးမှုက လုံးဝပျက်စီးတယ်လို့ ပြောရမှာ ဖြစ်တယ်။ မိုးများတာကြောင့်လည်း တစ်ပိုင်း ဖြစ်မယ်။ ပြီးတော့ ပိုးမွှားတွေ ကျပြီမှ အမှတ် ၅ ဒေသဘက်မှာက တစ်ခင်းလုံးမှာမှ တစ်တင်း၊ ၂ တင်းတောင် မရတော့ဘူး။ တစ်အိမ်ခြေမှာ ပျမ်းမျှ သုံးဧကကနေ ငါးဧက လောက် အခင်းကို ခုတ်ပြီး စိုက်လေ့ရှိတယ်။ အဲဒါက ပိုးတွေ ကျနေတာကြောင့် အစေ့ မရဘူး။ အစေ့တွေကို ပိုးတွေက ထိုး(စား)ကုန်တယ်။ တချို့က ပုပ်ကုန်တယ်။ တချို့က အပင်တွေပါ မြေပေါ်လဲပြီး ပုပ်သွားတဲ့ အဆင့်ထိ ဖြစ်တယ်။ အဲလိုအခြေအနေ ကြောင့် အမှတ် ၅ အနေအထားမှာ ဒီနှစ်ကတော့ စားဝတ်နေရေးကတော့ စားနပ်ရိက္ခာဟာ လုံးဝအခက်အခဲနဲ့ တွေ့ကြုံနေရပါတယ်”ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာသန်းရွှေက ပြောသည်။
ကန်ပက်လက်မြို့နယ်တွင် တိုက်နယ် ၅ ခုရှိပြီး ကျန်သော တိုက်နယ် ၄ ခုတွင် စပါးစိုက်ပျိုးကြကြောင်း၊ ယင်းစပါးခင်းများသည် လည်း ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ယခင်ကလို အသီးထွက်နှုန်း မရှိဘဲ ထွက်နှုန်း နည်းမည့် အနေအထား ကြုံတွေ့နေရသည်ဟု သိရသည်။
ပြောင်းကို အဓိက စားသုံးကုန်အဖြစ် စိုက်ပျိုးသော တိုက်နယ် အမှတ် ၅ တွင် ကျေးရွာပေါင်း ၃၄ ရွာ ရှိပြီး လူဦးရေ ငါးထောင်နီးပါး နေထိုင်သည်ဟု သိရသည်။
ကန်ပက်လက်မြို့နယ်မှ ဒေသခံပြည်သူများသည် စိုက်ခင်းများ ပိုးကျခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် အခြေခံစားဝတ် နေရေးမှာ ခက်ခဲနေ၍ လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း၊ စိုက်ပျိုးရေး နည်းပညာနှင့် အရင်းအနှီးများ လိုအပ်နေကြောင်း သိရသည်။
ကန်ပက်လက်မြို့နယ်ကောင်စီ နှင့် CDF ကန်ပက်လက်သည် ၂၀၂၄ ခုနှစ်တွင် ကန်ပလက်မြို့နယ်ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ လည်ပတ်လျက်ရှိသည်ဟု သိရသည်။

