(004SS)
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် ၎င်းတို့၏ လုပ်ငန်းစဉ်ဆိုင်ရာဝန်ဆောင်မှုတချို့ကို ရပ်ဆိုင်းမည်ဟု သိရသည်။
၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းစဉ်ဆိုင်ရာ အပြောင်းအလဲများအရ နယူးဒေလီမြို့ ဝီကစ်ပူရီ (Vikaspuri) အရပ်ဒေသမှာ မှတ်ပုံတင်စင်တာတွင် ဆောင်ရွက်ပေးနေသည့် အဓိကဝန်ဆောင်မှုအချို့ကို ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံထားသူများအတွက် အရေးပါသော အကာအကွယ် ပေးရေးဆိုင်ရာ ဆွေးနွေးမှု (Protection)၊ ပြန်လည်နေရာချထားရေး (Resettlement) နှင့် ဒုက္ခသည်အဆင့် သတ်မှတ်ခြင်း ဆွေးနွေးမှု (RSD Counselling) ဝန်ဆောင်မှုများကို ဝီကစ်ပူရီရုံးတွင် ဆက်လက်ဆောင်ရွက် ပေးတော့မည် မဟုတ်ဘဲ အဆင့်ဆင့် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
UNHCR ၏ ထုတ်ပြန်ချက်တွင် အလေးအနက် သတိပေးထားသည်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် နောက်ပိုင်းမှစ၍ ကြိုတင်ရက်ချိန်း (Prior Appointment) မရှိသူများကို ဝီကစ်ပူရီရုံး၌ မည်သည့်ကိစ္စအတွက်မျှ လက်ခံဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း ဖော်ပြထားသည်။
အချက်အလက် လိုအပ်ချက်များရှိပါက UNHCR ဘက်မှ ဒုက္ခသည်များထံသို့ ဖုန်း သို့မဟုတ် အီးမေးလ်ဖြင့် တိုက်ရိုက်ဆက်သွယ်သွားမည်ဖြစ်သည်။
ဝန်ဆောင်မှုအချို့ကို လျှော့ချလိုက်သော်လည်း ဒုက္ခသည်လူမှုအသိုက်အဝန်းရှိ ခေါင်းဆောင်မှုအဆင့်ဆင့်နှင့် ဆက်လက်ထိတွေ့သွားမည်ဖြစ်ကြောင်း ဆိုသည်။
ဒုက္ခသည်များအနေဖြင့် လိုအပ်သော အကူအညီများနှင့် ဝန်ဆောင်မှုများအတွက် UNHCR ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော BOSCO၊ ADRA၊ MARI Action Aid တို့နှင့်သာ ဆက်သွယ်ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
ဤအပြောင်းအလဲသည် အိန္ဒိယရှိ ဒုက္ခသည်များအတွက် UNHCR ၏ တိုက်ရိုက်ဝန်ဆောင်မှုပေးသည့် ပုံစံမှ မိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ဝန်ဆောင်မှုပေးသည့် ပုံစံသို့ ပြောင်းလဲလာခြင်းဖြစ်ကာ၊ လူကိုယ်တိုင်ရုံးသို့ သွားရောက်အကူအညီတောင်းခံသည့်စနစ်ကို ကန့်သတ်လိုက်ခြင်းလည်း ဖြစ်သည်။

