(006SV)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်များတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လာရောက်မဲပေးသူ မရှိသလောက် နည်းပါးပြီး ဒေသခံ လူထုက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး အပြင်မထွက်သပိတ်မှာ ပါဝင်နေကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် အာဏာသိမ်းစစ်ကော်မရှင်က ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲအပိုင်း ၁ ကို နိုင်ငံတဝန်းက မြို့ပေါင်း ၁၀၀ ကျော်တွင် ကျင်းပနေရာ ကလေးမြို့ပေါ် လူနေရပ်ကွက်များတွင် မဲပေးသူ မရှိသလောက် နည်းပါးလျက်ရှိသည်ဟု ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီထံက သိရသည်။
ကလေးမြို့ပေါ် လမ်းမကြီးများတွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေ “အပြင်မထွက်သပိတ်”တွင် ကလေးမြို့ပြည်သူများ ပူးပေါင်း ပါဝင်နေသည်ဟု သိရသည်။
“ပုံမှန် တနင်္ဂနွေနေ့များတွင် စည်ကားလေ့ရှိသော်လည်း ယနေ့တွင် မနက်ခင်းဈေးသွားဈေးလာ အချိန်မှစ၍ လမ်းမကြီးများ၊ လူစည်ကားရာနေရာများနှင့် ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် နေရာများတွင် လူသူသွားလာခြင်း မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လျက် ရှိသည်” ဟု ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ယနေ့မှာ ထုတ်ပြန်ထားသည်။
စစ်အာဏာရှင် အပါအဝင် အာဏာရှင်မှန်သမျှ ကျဆုံးရေအတွက် ၅ နှစ်တာကာလအတွင်း အထွေထွေဖိနှိပ်မှု များကြားက တော်လှန်ရေး၏ တောင်းဆိုမှု အရပ်ရပ်အပေါ် တာဝန်ကျေပွန်ကြောင်း ပြသနေသော ကလးမြို့ဒေသခံတရပ်လုံး၏ ပူးပေါင်းဝင်ပါဝင်မှုကို မှတ်တမ်းတင်အပ်ပါသည်ဟု ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်သည်။
“ကလေးတမြို့လုံးက လမ်းမကြီးတွေမှာ လူသူကင်းမဲ့နေတာပါ။ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဘယ်သူက မဲပေးချင်မှာလဲ။ အနည်းစု အစိမ်းဓာတ်ခံတချို့ပဲ ပေးကြတာ တွေ့မိတယ်” ဟု ကလေးမြို့ဒေသခံ တစ်ဦးက ပြောသည်။
ကလေးမြို့ပေါ်ရှိ စာသင်ကျောင်းတချို့တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကော်မရှင်က မဲရုံများ ဖွင့်ထားပြီး မြို့ပေါ်တွင် လုံခြုံရေး တင်းကြပ်ထားသည်ကို တွေ့ရသည်ဟု သိရသည်။

