(006SV)
ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ၁၀ မိုင်ခန့်အထိ ရောက်ရှိလာနေသော အင်အားရာချီ စစ်ကော်မရှင်တပ် စစ်ကြောင်းများနှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲများ နေ့စဉ်နီးပါး ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ဖလမ်းမြို့နယ်ထဲကို ၂၀၂၅ နိုဝင်ဘာလဆန်းပိုင်းကတည်း စတင်ရောက်ရှိလာသော စစ်ကော်မရှင်တပ်တို့နှင့် ချင်းပူးပေါင်း တပ်တို့ကြား တိုက်ပွဲသည် နှစ်လခန့် ရှိလာပြီဖြစ်သည်။
“တိုက်ပွဲက ဒီနေ့အထိ နေ့တိုင်းလိုလို ထိတွေ့တိုက်ပွဲတွေ ရှိတယ်။ တခါတလေကျရင်တော့ ပိုပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိတာပေါ့နော်။ သူတို့ဘက်ကနေ စစ်ကြောင်းထိုးလာဖို့ ကြိုးစားတဲ့အချိန်ဆိုရင် ပိုပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိပါတယ်။ ဒီနေ့အထိ ကျနော်တို့ဘက်ကနေ အတတ်နိုင်ဆုံး ကာကွယ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ သူတို့ စစ်ကြောင်းထိုးတဲ့ နေ့ကနေ စတင်ပြီးတော့ သူတို့ Y 12 နဲ့ပစ်တဲ့ဟာတွေ လေကြောင်းကနေ ပစ်တာတွေက ထောင်ဂဏန်းအထိ ရှိနေပြီးပေါ့နော်။ အဲလောက်အထိ သူတို့ ပြင်းပြင်းထန်ထန်ပေါ့နော်။ ဖလမ်းမြို့ကို သူတို့ လက်ထဲ ပြန်ရအောင် ကြိုးစားနေတဲ့အခြေအနေမှာ ရှိပါတယ်။ ”ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဇန်နဝါရီလ ၃ ရက်ကလည်း ဖလမ်းမြို့နယ် Khuangli ရွာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်သည် ဖလမ်းသို့ စစ်ကြောင်း ထိုးဝင်ရန် ကြိုးစားသောကြောင့် ချင်းပူးပေါင်းတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။
ထိုတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၅ ဦးသေဆုံးပြီး ၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကာ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိသည်။
Khuangli ရွာတွင် တစ်လခန့်အကြာအထိ ရောက်ရှိတပ်စွဲနေသော စစ်ကော်မရှင်တပ် စစ်ကြောင်းတွင် အင်အား ၂၀၀ မှ ၃၀၀ ကျော်အထိ ရှိနေပြီး ချင်းပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားလျက်ရှိကာ လေကြောင်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက် နေကြောင်းသိရသည်။
“သူတို့Khuangli ရွာမှာ ရောက်ရှိနေတာ တစ်လလောက် ရှိပါပြီ။ အဲဒီမှာပဲ သူတို့ဘက်က ခြေကုတ်ယူထားပြီးတော့ ဖလမ်းဘက်ကို တိုးနိုင်အောင် သူတို့ ကြိုးစားနေတယ်။ အဲဒါက ဖလမ်းကနေ ၁၃ မိုင် – ၁၅ မိုင်အကွာအဝေးမှာ ရှိတဲ့ ရွာဖြစ်တယ်။ သူတို့ဘက်က လည်း ဖလမ်းဘက်ကို စစ်ကြောင်းထိုးနိုင်ဖို့ ကြိုးစားနေတယ်။ ကျနော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ကာထားတဲ့ အခြေအနေမှာ ရှိတယ်” ဟု CNO/ CNDF မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလထဲတွင် ကလေးမြောက်ပိုင်းမှတဆင့် သိုင်းငင်းသို့ စစ်ကြောင်းထိုးလာပြီး ယင်းမှ ဖလမ်းမြို့ အနောက်မြောက်ကနေ ဖလမ်းမြို့ကို ဦးတည်လာနေသည့် စစ်ကော်မရှင် စစ်ကြောင်းသည် လက်ရှိမှာ Khuangli ရွာတွင် တပ်စွဲကာ စစ်ကြောင်းထိုးနေသည်ဟု သိရသည်။
ကလေးမြို့တောင်ပိုင်းမှတဆင့် ဝေဘူလမြို့ကို ဝင်ပြီး ယင်းမှတဆင့် ဖလမ်းမြို့သို့ ဦးတည်နေသော စစ်ကော်မရှင်တပ်၏ အခြားသော စစ်ကြောင်းသည် လက်ရှိမှာ Sumhrang ရွာမှာ အခြေစိုက်၍ စစ်ရေးလှုပ်ရှားနေသည်မှာ တစ်လခန့် ရှိနေပြီးဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့ကို ပြန်လည်း ရရှိရေးအတွက် စစ်အင်အား ၇၀၀ – ၈၀၀ ခန့်ဖြင့် စစ်ကြောင်းများ ခွဲကာ ထိုးစစ်ဆင်နေပြီး ၂ လခန့်ရှိလာသော တိုက်ပွဲများတွင် Y- 12၊ ဂျက်ဖိုက်တာများကို အသုံးပြု၍ လေကြောင်းဗုံးကြဲမှု တစ်ထောင်ဝန်းကျင်ရှိသည်ဟု သိရသည်။
ဖလမ်းမြို့နယ်က တိုက်ပွဲများတွင် ချင်းအမျိုးသားတပ်မတော် (CNA) အပါအဝင် ချင်းပြည်ကောင်စီ၏ ချင်းကာကွယ်ရေး တပ်ဖွဲ့များ၊ ချင်းညီနောင်အဖွဲ့ဝင် CNDF တို့ ပူးပေါင်း၍ စစ်ကော်မရှင်တပ်များကို တိုက်ခိုက်နေသည်ဟု သိရသည်။
စစ်ကော်မရှင်၏ စစ်ကြောင်းများကြောင့် ဖလမ်းမြို့နယ်ကို ရောက်နေသော ကလေး၊ ကဘော်မှ စစ်ဘေးရှောင်များအပါအဝင် ဒေသခံပြည်သူများ စုစုပေါင်း ၃၀,၀၀၀ နီးပါးသည် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာများ လိုအပ်နေသည်ဟု သိရသည်။

