(002MG)
ချင်းပြည်နယ်၊ ဟားခါးမြို့က လူထုသပိတ် ဦးဆောင်ခဲ့သူလည်းဖြစ် CDF-Hakha ၏ တွဲဖက်အတွင်းရေးမှူးတဦးဖြစ်သည့် ဆလိုင်းငွန်ဆန်းအောင်သည် ကျန်းမာရေးကြောင့် ယမန်နေ့ညက ကွယ်လွန် သွားသည်ဟု သိရ သည်။
ဆလိုင်းငွန်ဆန်းအောင်သည် ဇန်နဝါရီ ၂၅ ရက်နေ့လယ်ပိုင်းက ရုတ်တရက်မူးလဲရာမှ ဆေးရုံကိုပို့ဆောင်ခဲ့သော်လည်း ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သူတစ်ဦးကပြောသည်။
“သူက အရင်ကတည်းက ကျန်းမာရေးလဲ သိပ်မကောင်းဘူး၊ ပြီးခဲ့တဲ့အပတ်တုန်းကဆို သူ့အဖေလဲ ဆုံးတယ်၊ အဲဒါ တွေကြောင့်လည်းပါမယ်၊ တကယ်စိတ်မကောင်းဘူး၊ သူက ရိုးသားပွင့်လင်းပြီးစိတ်သဘောထားကောင်းတဲ့သူပါ၊ တော်လှန်ရေးအတွက်လည်း အားထားရတဲ့ ချင်းလူငယ်တစ်ဦးဖြစ်ပါတယ် တကယ်စိတ်မကောင်းဖြစ်ရပါတယ်” ဟု သူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဆလိုင်းငွန်ဆန်းအောင်သည် စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်မှာ သတင်းမီဒီယာသမားတစ်ဦးဖြစ်ခဲ့ပြီး ဟားခါမြို့အခြေစိုက် The Chinland Post သတင်း ဌာနမှာလည်း အယ်ဒီတာတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတုန်းကလည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီရဲ့ ဟားခါးမြို့ လူငယ်ဥက္ကဌ ဖြစ်သည်။
စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိသည်ဟုအကြောင်းပြကာ အာဏာသိမ်းလိုက်သည့်နောက်ပိုင်း နွေဦး တော်လှန်ရေးလူထုဆန္ဒပြမှုပေါ်ပေါက်လာသည့်အချိန်တွင်လည်း ဆလိုင်းငွန်ဆန်းအောင်သည် ဟားခါးမြို့က လူထုသပိတ်ကို ဦးဆောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူဖြစ်သည်။
ယင်းနောက် လက်နက်ကိုင်တော်လှန်ရေးထဲဝင်ရောက်ကာ CDF-Hakha တပ်ဖွဲ့တွင် ယနေ့ချိန်ထိ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ကာ တိုက်ပွဲပေါင်းများစွာမှာပါဝင်ခဲ့သည်ဟု သိရသည်။
ဆလိုင်းငွန်ဆန်းအောင်တွင် ဇနီးနှင့် သမီးတယောက်ကျန်ရစ်ခဲ့သည်။

