(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် နှစ်ရှည်လများ စစ်ဘေးတိမ်းရှောင်နေကြရသည့် စစ်ရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်များလိုအပ်လျက်ရှိနေသည်ဟု ကလေးဒေသ စစ်ရှောင်အရေးကူညီ ဆောင်ရွက်နေသူထံမှ သိရသည်။
“လက်ရှိကလေးတောင်ပိုင်းမှာ စစ်ဘေးရှောင် ပြည်သူတွေအတွက် အဓိကလိုအပ်တာ ရိက္ခာပိုင်းဖြစ် တယ်။ ဆန်၊ ဆီ တွေလိုအပ်တယ်။ နောက်တခုက အမိုးအကာတွေလိုအပ်လျက်ရှိပါတယ်။ တောတောင်ထဲမှာ ရေရရှိရေးအတွက် ရေပိုက်တွေအထူး လိုအပ်လျက်ရှိတယ်။ အခြေခံလူတန်းစားတောင် ခက်ခဲနေတဲ့ကာလမှာ တောတောင်ထဲမှာ စစ်ရှောင်နေကြတဲ့ ရေရှည်စစ်ရှောင်တွေအတွက်ဆိုရင် ပိုပြီးခါမှ စားဝတ်နေရေးအတွက် ခက်ခဲမှုတွေနဲ့ရင်ဆိုင်နေရ ပါတယ်။” ဟု ကလေးဒေသ စစ်ရှောင် အရေးကူညီ ဆောင်ရွက်နေသူ ကပြောသည်။
ကလေးတောင်ပိုင်းဒေသတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ကာလရှည်ကြာ စစ်ဘေးရှောင်နေကြ သူများ နှင့် ၂၀၂၅ ခုနှစ် (၁၀) လပိုင်းတကျော့ ပြန်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူများဟူ၍ရှိကြပြီး လေကြောင်း တိုက်ခိုက်မှု နှင့် နယ်မြေလုံခြုံအေးချမ်းမှုမရှိသေးသောကြောင့် အများစုမှာ နေရပ်မပြန်နိုင်ကြဘဲ တောတောင်များတွင် ယနေ့ချိန်ထိ ခိုလုံနေကြရဆဲဖြစ်သည်။
လက်ရှိအထိ စစ်ဘေးတိမ်းရှောင်နေကြရသည့် ကျေးရွာများမှာ ထိုမာ၊ သုံးအိမ်စု၊ လေအိမ်စု၊ ထောက် ကြန့်၊ သာယာ ကုန်း၊ စည်သာ၊ ကြာအင်း၊ နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ အောင်ချမ်း သာ၊ ကြံသာ၊ အောင်သာ ယာ၊ မှန်တော၊ ရှားဖို၊ အောင်မဂ်လာ၊ အင်းကျွန်း၊ ကျောက်ဆည်၊ ရေရှင်၊ စီးစံ၊ ရှားတော တို့ဖြစ်ကြသည်။
ကလေးတောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကလေးဒေသစစ်ရှောင်အရေး ကူညီဆောင် ရွက်နေသော အဖွဲ့များက စားနပ်ရိက္ခာအပါအဝင် စစ်ဘေးရှောင်စခန်းတွင် ပညာသင်ကြားနေသည့် ကလေးသူငယ်များအတွက် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများလည်း ကူညီထောက်ပံ့မှုများပြု လုပ်ပေးနေကြောင်း ကလေးဒေသ စစ်ရှောင် အရေးကူညီဆောင်ရွက်နေသူက ပြော သည်။
“စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်ပြည်သူတွေ အဓိကလိုအပ်တဲ့ အဓိကဖြေရှင်းနေရတဲ့ စားဝတ် နေရေး အခက် အခဲတွေအတွက် ရိက္ခာအပိုင်းပေါ့ ဆန်၊ ဆီကို ကျွန်တော်တို့အဖွဲ့က အဓိကထားထောက် ပံ့ပေးလျက်ရှိပါတယ်။ ၂၀၂၅ အတွင်းမှာဆိုရင် ပညာရေးကာလမှာလည်း စစ်ရှောင်စခန်းမှာနေပြီး ပညာသင်ကြားနေတဲ့စစ်ရှောင်ကလေးငယ်တွေ၊ အဓိကကျောင်းလခ ပေးဖို့ခက်ခဲတဲ့ စစ်ရှောင်ကလေး ငယ် လေးတွေအတွက် လစဉ်ဩဂုဏ်လကနေ ဇန်နဝါရီလအထိ ကျောင်းပညာရေး ကျောင်းလခ ထောက်ပံ့ တဲ့အပိုင်းတွေလဲ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ အခြားသော ရေရရှိရေးတွေ၊ ကျွန်တော်တို့ စစ်ရှောင်စခန်းမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ ယင်လုံအိမ်သာ၊ အခြားသော အမိုးအကာတွေ လိုအပ်တာတွေကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပါတယ်။” ဟု ကလေးဒေသ စစ်ရှောင်အရေး ကူညီဆောင် ရွက် နေသူက ပြောသည်။
ကလေးတောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူများအား လိုအပ်သည့် ဆေး ဝါး၊ စားနပ်ရိက္ခာများအား ကူညီထောက်ပံ့ ပေးမှုပြုလုပ်နေသော်လည်း စစ်ရှောင်နေရာများတွင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်လာခြင်းတို့ကြောင့် အကူအညီများ လိုအပ်နေကြဆဲဖြစ်သည်။
ယခုလက်ရှိ ကလေးတောင်ပိုင်းတွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား မြေပြင် ထိတွေ့မှုမရှိသော် လည်း စစ်ကော်မရှင်တပ်ဖွဲ့သည် တောင်သူများ၏ လယ်စပါးခင်းများအား မီးရှို့ဖျက်စီးခြင်း၊ သိမ်းယူခြင်းကြောင့် ဆန်စပါးရှားပါးလာကာ စစ်ဘေးရှောင်ပြည်သူများ အတွက် ရိက္ခာရရှိရန် အကူအညီပိုမိုလိုအပ်လာရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီသူထံမှ သိရ သည်။
စစ်ကော်မရှင်တပ်ဖွဲ့သည် ကလေးတောင်ပိုင်းရှိ တောင်သူလယ်သမားများ၏ လယ်စပါးစိုက်ခင်းအား သိမ်းယူ၊ ဖျက်ဆီး မှုပြုလုပ်သည်ဟု သိရသော်လည်း လက်ရှိတွင် လယ်စပါးဧက မည်မျှ ဖျက်ဆီးခံရကြောင်း အတိအကျ သိရှိနိုင်ရန် ကလေးစစ်ရှောင်အရေးကူညီသူများအနေဖြင့်လည်း ဒေသခံများထံ ဆက် လက်စုံးစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ကလေးတောင်ပိုင်းတွင် လက်ရှိအထိ ကျေးရွာပေါင်း (၂၀) ကျော်မှ စစ်ဘေးရှောင် လူဦးရေ (၅၀,၀၀၀) ကျော်တို့သည် ဘေးကင်းရာ တောတောင်နေရာများတွင် စစ်ဘေးတိမ်း ရှောင်နေထိုင်ကြရဆဲဖြစ်ကြောင်း ကလေးဒေသ စစ်ရှောင် အရေးကူညီ ဆောင်ရွက်နေသူများ၏ စာရင်းအရသိရသည်။

