(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့က လူငယ်ဖမ်းဆီးမှုများလာသောကြောင့် အထူးဂရုစိုက်ကြရန် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ အရေးပေါ်သတိပေးချက်ကို ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။
ကလေးမြို့၊ စံပြလမ်းနှင့် ပင်လုံလမ်းမတော်ထောင့်၊ ဆိပ်ကမ်းသာဈေး နေရာတို့သည် စစ်ကော်မရှင်တပ်က နေ့စဉ်နီး ပါး အကြိမ်ကြိမ် ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိသည့် နေရာများဖြစ်သော ကြောင့် လူငယ်များ အနေဖြင့် လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကော်မရှင်တပ်များမှ ပုံမှန်စစ်ဆေးခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေသော နေရာများဖြစ်သည့် မြို့သာတံတားအနီး၊ ပင်လုံမီးပွိုင့်၊ မြို့ထွက်ဂိတ်များ၊တံတားဦးစံပြလမ်းချိုး၊ စမ်းမြို့ဘုန်းကြီး ကျောင်းအနီး၊ ဘူတာလမ်းခွဲ နှင့် တောင်သာ ဘက်နေရာတို့ကိုလည်း သတိထားရှောင်ရှားကြရန် လိုအပ်ကြောင်း ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီမှ ထုတ်ပြန်ထားသည်။
ယနေ့ ဖေဖော်ဝါရီလ (၁၃) ရက် ညနေ ၃ နာရီခွဲနောက်ပိုင်းမှာလည်း ကလေးမြို့အထွက် ကျီးကုန်းဂိတ်တွင် ကျီးကုန်း ကျေးရွာမှ လူငယ်များကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ထို့ကြောင့်ကလေးမြို့အတွင်း နေထိုင်ကြသော မိဘပြည်သူများနှင့် လူငယ်များအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နယ်မြေအခြေအနေများအရ မိမိတို့၏ လုံခြုံရေးအတွက် အထူးဂရုပြု သွားလာကြရန်ကလေးမြို့လူထု တိုက်ပွဲ ဦးဆောင်ကော်မတီမှ အရေးပေါ်အသိပေးနှိုးဆော်ထားပါသည်။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၏ အကြံပြုချက်ထဲတွင် ကလေးမြို့သူ၊ မြို့သားများအနေဖြင့် တစ်ဦး နှင့်တစ်ဦး သတင်းဖလှယ်ကြရန်နှင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ အန္တရာယ်ရှိသော လမ်းပိုင်းများအား အသုံးပြု ခြင်းများမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြပါရန် လေးနက်စွာ တိုက်တွန်းထားပါသည်။

