(005MK)
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်အတွင်း နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးအတွက် ဗဟိုအစိုးရ ထံ ရူပီးငွေ ၅ သန်းတောင်းဆိုထားကြောင်း မီဇိုရမ်ပြည်နယ်အစိုးရပြည်ထဲရေးဝန်ကြီးကပြောသည်။
မီဇိုရမ်ပြည်နယ်အတွင်း နှစ်ရှည်လများနေထိုင်လာကြသော မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များအတွက် လိုအပ်သော ကူညီစောင့်ရှောက်မှုမျာပေးနိုင်ရန် အိန္ဒိယဗဟိုအစိုးရထံ ရူပီးငွေ ၅ သန်းတောင်းဆိုထားဆဲဖြစ်သည်ဟု ပြည်ထဲရေး ဝန်ကြီး Pu K. Sapdanga ကပြောဆိုကြောင်း All india Radio News ကဖော်ပြသည်။
၎င်းတို့အစိုးရတက်လာသည့်နောက်ပိုင်းတွင် ဗဟိုအစိုးရက မြန်မာစစ်ဘေးရှောင်များအတွက် ရူပီး ၅ သန်းခန့်တန်ဖိုးရှိ သော ဆန် နှင့် ငွေသားဖြင့် ရူပီး ၅ သန်းခန့် ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးကပြောသည်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းကစ၍ စစ်ရေး နဲ့ လုံခြုံရေးအခြေအနေကြောင့် သောင်းနှင့်ချီသော မြန်မာပြည်သူများသည် မီဇိုရမ်ပြည်နယ်ထဲသို့ ထွက်ပြေးခိုလုံခဲ့ကြရာမှာ ယခုဆိုလျှင် ၅ နှစ်ခန့်ရှိ လာခဲ့ပြီဖြစ်သည်။
မြန်မာစစ်ဘေးရှောင်ပြည်သူများကို မီဇိုရမ်အစိုးရ၊ ဘာသာရေး၊ အရပ်ဖက်အဖွဲ့အစည်း နှင့် ပြည်သူလူထုတို့မှ ခက်ခက်ခဲခဲဖြင့် တတ်နိုင်သည့်ဖက်မှ ကူညီပံပိုးပေးခဲ့ကြပြီး မည်သည့်အချိန်ထိ ဆက်လက်ပံ့ပိုးနိုင်မည်ကို ပြောဆို၍မရဘဲ ဗဟိုအစိုးရ၏ အကူအညီများအထူးလိုအပ်သည်ဟု ပြည်ထဲရေးဝန်ကြီးကပြောသည်။
ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းဝန်းကျင်ခန့်ရှိနေသည်ဟု မီဇိုရမ်ပြည်စာရင်းအရ သိရပြီး စစ်ဘေးရှောင်များ ဝင်ထွက်သွားလာမှုအမြဲရှိသည့်အတွက် စာရင်းမှာအပြောင်းအလဲအမြဲရှိနေသည်ဟု သိရသည်။

