Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်အာဏာသိမ်းကာလ ချင်းလူမျိုး ၁၁၀၀ ကျော် သေဆုံးမှုထဲ ချင်းလူငယ်လူရွယ် ၅၀၀ နီးပါး ပါဝင်

စစ်အာဏာသိမ်းကာလ ချင်းလူမျိုး ၁၁၀၀ ကျော် သေဆုံးမှုထဲ ချင်းလူငယ်လူရွယ် ၅၀၀ နီးပါး ပါဝင်

0
By Editor on February 2, 2026 Headline

တော်လှန်ရေး ၅ နှစ်တာမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀၀ ကျော် ကျဆုံး

(006SV)

လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ချင်းပြည်နယ်တွင် စစ်အာဏာသိမ်း ၅ နှစ်တာအတွင်း ချင်းလူမျိုး ၁၁၈၃ ဦးသေဆုံး ခဲ့ပြီး ယင်းသေဆုံးမှုထဲ အသက်အပိုင်းအခြားအရ ချင်းလူငယ်လူရွယ်သေဆုံးမှုမှာ ၅၀၀ နီးပါးဖြင့် အများဆုံးဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၆ ဇန်နဝါရီလ ၃၁ ရက်အထိ ချင်းလူမျိုးများအပေါ် စစ်ကော်မရှင်ကြောင့် ငါးနှစ်အတွင်း ဖြစ်ပွားခဲ့သော သေဆုံးမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း အစီရင်ခံစာကို ချင်းရေးရာအဖွဲ့ချုပ်က ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီငါးနှစ်တာကာလကို ပြန်ပြီး ခြုံကြည့်လိုက်မယ်ဆိုရင် တိုက်ပွဲအတွင်းမှာ သေဆုံးတဲ့ လူတွေက အများဆုံး တွေ့ရတယ်။ ဒီဟာကို ဘာကို ဆိုလိုသလဲဆိုရင် ဒါက CDF တွေဘက်ကနေ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်လာတဲ့ အဖွဲ့အစည်းသော်လည်းကောင်း၊ အရင်ကတည်းက ရှိနှင့်ပြီးသာဖြစ်တဲ့ ERO/ ERA တွေအနေနဲ့ သော်လည်းကောင်း စစ်ရေးလိုအပ်ချက်တွေ တော်တော်များနေ တယ်လို့ သုံးသပ်လို့ ရတယ်။ ဘယ်လိုမျိုး စကမတွေက ကျူးလွန်တာလည်း ဆိုတော့ သူတို့က ရတဲ့ နည်းမှန်သမျှနဲ့ ကျူးလွန်နေ တာပေါ့နော်။ လေကြောင်းတိုက်ခိုက်မှု အနေနဲ့သော်လည်းကောင်း၊ လူသားဒိုင်းအနေနဲ့သော်လည်းကောင်း၊ မြေမြုပ်မိုင်း အနေနဲ့သော် လည်းကောင်းပေါ့နော်။ အဆိုးဆုံးကတော့ ဖမ်းဆီး နှိပ်စက်ပြီးတော့ လူသားဒိုင်းအနေနဲ့ အသုံးပြုတာတွေ ဖြစ်တယ်။ ဆိုတော့ ခြုံပြီးပြောရရင် ငါးနှစ်တာကာလအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူတွေ ရှိတဲ့ နေရာကို အဓိက ပစ်မှတ်ထားပြီးမှ တိုက်ခိုက်နေ တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းနဲ့ မြင်နေရတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) မှ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San က ပြောသည်။

သေဆုံးသူ ချင်းလူမျိုး တစ်ထောင်ကျော်တွင် အရပ်သားပြည်သူများ၊ ဆန္ဒပြသူများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူများ ပါဝင်သည်ဟု ICA ကပြောသည်။

သေဆုံးသူများတွင် အသက် ၁၀ နှစ်အောက်ကလေးငယ်မှာ ၃၃ ဦး၊ အသက် ၃၆ နှစ်အထက်မှာ ၁၅၉ ဦး၊ အသက် ၁၁ နှစ်မှ ၁၇ နှစ်အတွင်း ၄၈ ဦးတို့ဖြစ်ပြီး စစ်ရေးအခြေအနေကြောင့် အသက်အရွယ် မသိရသေးဘဲ သေဆုံးသူ ၄၅၁ ဦး ရှိသည်ဟု သိရသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ချင်းလူငယ်အုပ်စု သေဆုံးမှုမှာ အများဆုံးဖြစ်နေပြီး ၄၉၇ ဦးအထိ ရှိနေကာ အရပ်သား ချင်းလူငယ်များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်ဟု သိရသည်။

တိုက်ပွဲများအတွင်း သေဆုံးရသူများကို စုစည်းကြည့်ရာတွင် ၅၇၄ ဦးအထိ ရှိနေပြီး ယင်းအနက် စစ်ရေး ပဋိပက္ခများတွင် ပိတ်မိ ၍ဖြစ်စေ၊ စစ်ကော်မရှင်တပ်မှ ဖမ်းဆီးသတ်ဖြတ်၍ ဖြစ်စေ သေဆုံးရသူ ချင်းအရပ်သား ပြည်သူမှာ ၁၆၉ ဦးအထိ ရှိသည်ဟု သိရသည်။

စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်တာတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀၅ ဦးသည် တိုက်ပွဲအတွင်း ကျဆုံးရသည်ဟု ICA ထံမှ သိရသည်။

“ဒီဖက်နှစ်နောက်ပိုင်းမှာ တော်လှန်ရေးတပ်သားတွေ သေဆုံးမှုက တော်တော်များလာတာ တွေ့ရတယ်။ ဒီဟာက တခြားကြောင့် ရယ်လို့တော့ မဟုတ်ဘူး။ မြို့သိမ်းတိုက်ပွဲတွေ များလာတာကြောင့်လည်း ပါတာပေါ့နော်။ နောက်တချက်က စကမဘက်က အဆင့်မြင့် လက်နက်တွေ အသုံးပြုမှု ပိုများပြားလာတာလည်း တွေ့ရတယ်” ဟု ICA မှ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San က ပြောသည်။

၅ နှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၀ ကျော် ရှိခဲ့ရာ အရပ်သားချင်းလူမျိုး သေဆုံးသူ ၂၄၆ ဦး နှင့် CDF တပ်ဖွဲ့ဝင် ၁၅၄ ဦး ကျဆုံးရပြီး ထိခိုက်ဒဏ်ရာ ရသူ ချင်းပြည်သူ ၁၁၄၀ ဦးအထိ ရှိသည်ဟု သိရသည်။

နေအိမ် ၂,၁၉၉ လုံး၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၇၆ လုံး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းအပါအဝင် အစိုးရ အဆောက်အအုံ ၈၈ လုံး ပျက်စီးရပြီး လူထုအသက်မွေး ဝမ်းကျောင်းနှင့် လူမှုဘဝအပေါ် တိုက်ရိုက်ထိခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကော်မရှင်၏ ဖမ်းဆီးမှုများအတွင်း အကြမ်းဖက်နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် တရားမဝင် သတ်ဖြတ်မှုကြောင့် ချင်းလူမျိုး အနည်းဆုံး ၃၃ ဦး သေဆုံးရပြီး ယင်းလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိမှာ ချင်းလူမျိုးပြည်တွင်း ရွေ့ပြောင်းနေထိုင်ရသူ ၁၀၀, ၀၀၀ ဦးကျော် ရှိလာပြီး နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည် ၆၀, ၀၀၀ ဦးကျော်အထိလည်း မြင့်တက်လာနေသည်ဟု သိရသည်။

“ပြည်သူလူထုအနေနဲ့က ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကိုယ့်ဟာနဲ့ ကိုယ် အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြုံသလို ဖြေရှင်းနေရတဲ့ အနေအထားလို့ ပြောမယ်ဆိုရင် မှားမယ် မထင်ပါဘူး။ တိုက်ပွဲ ဖြစ်တိုင်း၊ ပြည်သူတွေက ထွက်ပြေးရတယ်။ ထွက်မပြေးလို့ကလည်း မရဘူး။ ထွက်ပြေးတာ တောင်မှပဲ ဒုက္ခသည်စခန်းနဲ့ စစ်ရှောင်စခန်းတွေကို လေကြောင်းကနေ ပစ်မှတ်ထားပြီးမှ တိုက်ခိုက်တာတွေ လုပ်လာတယ်။ ပြည်သူမှာလည်း လူသားချင်းစာနာ ထောက်ပံ့မှု လုံလောက်တဲ့ ကူညီမှုတွေ မရရှိနိုင်တဲ့အခါ ကိုယ်ဟာကို ကြုံရင် ကြုံသလို ဖြေရှင်းနေရတယ်လို့ ပြောရခြင်းဖြစ်တယ်။ ဒီ ၅ နှစ်တာအတွင်းမှာ ပြည်သူလူထုက တော်တော်လေ ရင်းနှီးမြှုပ်နှံထားရတယ်။ ဒီဟာကလည်း ချင်းပြည်သူတွေရဲ့ အင်မတန်မှ ချစ်စရာကောင်းတဲ့ စိတ်ဓါတ်လေးပါ။ တော်လှန်ရေးမှာ ဘယ်လောက်ထိ စိတ်နှစ်ထားလဲ၊ ဘယ်လောက်ထိ နိုင်ချင်နေလဲ၊၊ တော်လှန်ရေးမှာ ဘယ်လောက်ထိ သူတို့ ပါဝင်ပတ်သက်နေလဲ၊၊ ဒေသတွင်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို ဘယ်လောက်ထိ သူတို့ ထောက်ပံ့ပေးနေသလဲဆိုတာ သိသာထင်ရှားစေပါတယ်” ဟု ICA မှ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San က ပြောသည်။

မြေမြှုပ်မိုင်းများကြောင့်လည်း အရပ်သားပြည်သူ ၅၅ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၉ ဦး အသက်ဆုံးရှုံးရပြီး တိုက်ပွဲဖြစ်ပွားနေစဉ်သာမက တိုက်ပွဲပြီးဆုံးလျှင်လည်း ချင်းလူထုအတွက် အမြဲအန္တရာယ် ရှိနေသည်ဟု သိရသည်။

စစ်ကော်မရှင်တပ်သည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် နေအိမ်များကို မီးရှို့ဖျက်စီးကာ ဒေသခံလူထုကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုနေဆဲဖြစ်ကြောင်း၊ လူသားဒိုင်ကြောင့် ချင်းပြည်သူ ၁၀၀ နီးပါး ထိခိုက်နစ်နာခဲ့ရပြီး ၁၅ ဦးနီးပါး သတ်ဖြတ်ခံရသည်ဟု ICA ၏ စာရင်းများအရ သိရသည်။

ချင်းလူမျိုးများအပေါ် စစ်ကော်မရှင်၏ ကျူးလွန်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂ၊ အာဆီယံနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများမှ အရေးပေါ် အရေးယူစုံစမ်းဆောင်ရွက်ပေးရန် ချင်းရေးရာအဖွဲ့ချုပ်က တောင်းဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.