(002MG)
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကော်မရှင်တပ်ဖွဲ့က ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို အကြောင်းမဲ့ သေနတ် ဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေရာတွင် ပွဲချင်းသေဆုံးခဲ့ရသည်ဟု သိရသည်။
ဟားခါးမြို့ဒေသခံတစ်ဦးက “လျှပ်စစ်ရုံးမှာ ကျုတီကျနေတဲ့သူတွေထဲက ၁ ယောက်ကို ပစ်သတ်တယ်။ ၂ ယောက်ကို လိုက်ဖမ်းနေတယ်လို့ ပြောကြတယ်။ သူတို့ကို သံသယရှိလို့ထင်တယ် အဓိကတော့ ဒီနေ့က ချင်းအမျိုးသားနေ့ အခမ်း အနားကို စုပေါင်းရုံးမှာလုပ်တာ၊ အခမ်းအနားမှာ လူငယ်တွေလားမသိဘူး ဒရုန်းနဲ့ ဗုံး (၂) လုံးချတာ ပေါက်တော့ မပေါက်ဘူး အဲ့နောက်ပိုင်းမှာ သူတို့က တွေ့သမျှကို လိုက်ပစ်တာ၊ လိုက်ဖမ်းတာမျိုးထင်တယ်။” ဟု ပြောသည်။
ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက် လျှပ်စစ်ရုံးတွင် တာဝန်ကျကာ နေအိမ်သို့ဆိုင်ကယ်ဖြင့် ပြန်လာသည့် လျှပ်စစ်ဝန်ထမ်း ၃ ဦးအား လုံခြုံရေးယူထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် စစ်ဆေးမေး မြန်းခြင်းမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခြင်း ဖြစ်သည်ဟု သိရပြီး အမျိုးသားတစ်ဦးမှာ ဦးခေါင်း ကျည်ဆံထိမှန် ကာ သေဆုံးသွားခြင်းဖြစ်သည်။
အဆိုပါ သေဆုံးသူအမျိုးသားမှာ လျှပ်စစ်ဝန်ထမ်းဖြစ်သည်ဟု သိရသော်လည်း ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုမူ အတိအကျမသိရသေးပေ။
ဖေဖော်ဝါရီ ၂၀ ရက်နေ့သည် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ဖြစ်ပြီး ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းရုံးတွင် အခမ်းအနားကျင်းပခြင်းများရှိခဲ့သော်လည်း ဟားခါးမြို့ခံပြည်သူအများစုသည် ချင်းအမျိုးသားနေ့အား ပါဝင်တက်ရောက်ခြင်းမရှိကြကြောင်း ဟားခါးမြို့ထံမှ သိရသည်။
Photo credit

