သုံးလအတွင်း CDF-Zophei ရဲဘော် ၄ ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ရ
(004SS)
ချင်းပြည်နယ်၊ ကလေး-ဖလမ်း လမ်းပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – ဇိုဖေ (CDF-Zophei) မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၅ ရက်နေ့က ကလေးမြို့နှင့် ဖလမ်းမြို့အကြားတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကော်မရှင် တပ်များကို ချင်းပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ရာ Chinland Council အဖွဲ့ဝင်ဖြစ်သော CDF-Zophei တပ်ရင်း (၁) မှ အသက် (၂၁) နှစ်အရွယ်ရှိ ဆလိုင်း ခွာလျန်မာန် သည် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ခြင်း ဖြစ်သည်။
ယခုကျဆုံးမှုသည် CDF-Zophei အတွက် သုံးလတာကာလအတွင်း စတုတ္ထမြောက် အသက်ပေးလှူခဲ့ရသည့် သူရဲကောင်း တစ်ဦး ဖြစ်ကြောင်း ၎င်းအဖွဲ့၏ ယခင်ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကလေး-ဖလမ်း လမ်းပိုင်းတိုက်ပွဲအတွင်း တပ်ရင်း (၁) မှ အသက် ၂၁ နှစ်အရွယ် ဆလိုင်း ဘွေဘိတ်ထောင်း ကျဆုံးခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဒေးဗစ်စစ်ဆင်ရေး (Mission David) ဟုခေါ်သော ဟားခါးမြို့ပေါ် တိုက်ပွဲတွင် အသက် ၂၃ နှစ်အရွယ်ရှိ တပ်ရင်း (၂) မှ အရာရှိတစ်ဦးဖြစ်သူ ဒုဗိုလ် လျန်ကျဲအိုထန် ကျဆုံးခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့တွင်လည်း ကလေး-ဖလမ်း လမ်းပိုင်းတိုက်ပွဲအတွင်း တပ်ရင်း (၂) မှ အသက် ၁၈ နှစ်ရှိ ဆလိုင်း ဗျက်ထာကျဲမ် ကျဆုံးခဲ့သည်။
CDF-Zophei အဖွဲ့အနေဖြင့် ချင်းအမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးဆပ်သွားကြသည့် အဆိုပါ ရဲဘော် များ၏ စွန့်လွှတ်အနစ်နာခံမှုများကို အထူးလေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
လက်ရှိတွင် ကလေး-ဖလမ်း လမ်းပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ကလေး – ဖလမ်း လမ်းကြောင်းအား ပြန်လည် စိုးမိုးနိုင်ရေးအတွက် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၉ ရင်းဖြင့် အင်အားထောင်ချီအသုံးပြုကာ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေမှုကို CDF-Zophei အပါအဝင် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များနှင့် CNDF တပ်များက ၄ လကြာခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာနှင့် Y – 12 တို့ဖြင့် လေကြောင်းပစ်ကူဗုံး အကြိမ်ပေါင်း များစွာအသုံးပြုနေပြီး အသေခံဒရုန်းအပါအဝင် ဒရုန်းများကိုလည်း အဓိက အသုံးပြုနေကြောင်း သိရသည်။

