(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် မတ်လ ၁ ရက်နေ့ကစ၍ သောက်သုံးရေသန့်ဈေးများမြင့်တက်သွား ကြောင်းသိရ သည်။
သောက်ရေသန့်စက်ရုံသုံး အခြေခံပစ္စည်းများဖြစ်သော စက်သုံးစီ၊ ရေသန့်ဗူး ၊ပါကင်လိပ်နှင့် လုပ်အား ခများ မြင့်တက်ခြင်းကြောင့် သောက်ရေသန့်ဈေးမှာလည်း မြင့်တက်သွားခြင်းဖြစ်ပြီး ၂၀ လီတာ ဗူးကြီး တစ်ဗူးလျှင် လက်လီ (၂၀၀၀) ကျပ်နှင့် လက်ကား (၁၇၀၀) ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ကလေးမြို့သောက်ရေသန့် လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။
ကလေးမြို့ဒေသခံတဦးက “ရေသန့် ဈေးတက်မယ်ကြားမိတော့ (၅၀၀) လောက် သက်သာဆိုပြီး လေးဗူးလောက် ဝယ် ထားတယ်။ အခုရှေ့လျှောက်က နွေရာသီရောက်လာပြီလေ နေပူရင် ရေလဲပိုသောက်ရတယ်လေ မိသားစုများတဲ့ သူတွေအတွက်တော့ တရက်တစ်ဗူးလောက်ကုန်တယ်နော်။ အခုက ဈေးထပ် တက်မယ်ဆိုတော့ ရေကျက်အေး တလှည့် ရေသန့်တလှည့် အဲ့လိုပဲ သုံးရမယ့်အပြင် သောက်ရေအတွက် သတ်သတ်ကို ပိုက်ဆံစုရတော့မယ်” ဟု ပြောသည်။
လက်ရှိကလေးမြို့တွင် သောက်ရေသန့်များကို တောင်ဇလပ်၊ New Life၊ Carmel၊ Wesley၊ ရွှေကလေး၊ မြနဒီ၊ ကျန်း မာချမ်းသာ ၊ နန်ခိုင်၊ B2၊ နန်းထိုက်စံ၊ 7 Star၊ MST၊ Morning Star Aguo၊ Happy time စသည့် ရေသန့်ကုမ္ပဏီ များက ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါကုမ္ပဏီများသည် ကလေးမြို့အတွင်းရှိရပ်ကွက်နှင့် ကျေးရွာများတွင် ကားဖြင့်လှည့်လည်ကာ အိမ်တိုင်ရာ ရောက် ရေသန့်ဗူးများဖြန့်ဝေပေးကြပြီး ယခင်က သောက်ရေသန့် (၂၀) လီတာဗူးကြီး တစ်ဗူးလျင် (၁၅၀၀) ကျပ်ဖြင့် လှဲပေးလေ့ရှိသည်။
သောက်ရေသန့်ဗူးအသစ် ဝယ်ယူအသုံးပြုမည်ဆိုပါက (၂၀) လီတာ တစ်ဗူးလျှင် ယခင်က ငွေကျပ် (၅,၀၀၀) ခန့်ရှိ သော်လည်း လက်ရှိတွင် ငွေကျပ် (၁၀,၀၀၀) ကျော်အထိ မြင့်တက်လာသည်ဟု သိရသည်။
ကလေးမြို့ပေါ်တွင် ယခုနောက်ပိုင်း ဒေသခံပြည်သူများအနေဖြင့် သောက်ရေသန့်များအား တွင်ကျယ်စွာ မှာယူသောက် သုံးလာကြသည်။

