(004SS)
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း တောမီးလောင်ကျွမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရွှေ့ပြောင်းတောင်ယာမီးရှိုခြင်းကို ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားမီးရှို့ကြရန် ထန်တလန်မြို့နယ်ကောင်စီ (TPC) က အသိပေးထုတ်ပြန်သည်။
ထန်တလန်မြို့နယ်အတွင်း ယာခင်းလုပ်ကိုင်သူများအနေဖြင့် မတ်လ (၁၀) ရက် နောက်ဆုံးထား မီးရှို့ရန်နှင့် ရွှေ့ပြောင်းတောင်ယာ လုက်ကိုင်သုများအနဖြင့် ဧပြီလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ်မီးရှို့ ထားကြရန် တောင်ယာအမျိုးအစားအလိုက် မီးရှို့ရမည့် ကန့်သတ်ရက်များကို ထန်တလန်မြို့နယ်ကောင်စီ (TPC) က ဖေဖော်ဝါရီလကုန်ပိုင်းက ထုတ်ပြန်သည်။
မီးရှို့ခြင်း မပြုမီ ကျေးရွာများအနေဖြင့် မီးတားလမ်း (Firebreak) များကို စနစ်တကျ ကြိုတင် ဖော်ဆောင်ထားရမည်ဖြစ်ပြီး၊ ရွှေ့ပြောင်းတောင်ယာများအတွက် မီးမရှို့မီ နှစ်ပတ်အလိုကတည်းက ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။
ထို့အပြင် မီးရှို့သည့်အချိန်တွင်လည်း သက်ဆိုင်ရာ ဧရိယာအလိုက် ကြိုတင်အကြောင်းကြားရန် လိုအပ်ကြောင်း ပါရှိသည်။
အဆိုပါ သတ်မှတ်ရက်စွဲများအတိုင်း မဆောင်ရွက်ဘဲ စနစ်တကျ မရှိသည့်အတွက် တောမီးကူးစက်လောင် ကျွမ်းခြင်းများ ဖြစ်ပေါ်လာပါက သတ်မှတ်ထားသော ဥပဒေအတိုင်း ထိရောက်စွာ အရေးယူ အပြစ်ပေးသွားမည်ဟု ပြတ်သားစွာ သတိပေးထားသည်။
တောင်ယာမီးရှို့ခြင်းများ ကန့်သတ်သည့်အပြင် မိသားစုအလိုက် နေအိမ်နှင့် ကျေးရွာများ မီးဘေးလုံခြုံစေရန် အတွက်လည်း စနစ်တကျ ပြင်ဆင်ထားကြရန် ညွှန်ကြားထားသည်။
အထူးသဖြင့် မတ်လ (၁) ရက်မှ မေလ (၃၁) ရက်အတွင်း နေအိမ်တိုင်းတွင် မီးသတ်ပစ္စည်းများဖြစ်သော ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် အိတ်များ၊ ရေဖြည့်ထားသော ရေပုံးများ၊ အဝတ်စုတ်ဖြင့် ပတ်ထားသော မီးသတ်ကိရိယာ (မီးကပ်) များကို အသင့်ရှိနေစေရန် စနစ်တကျ ပြင်ဆင်ထားကြရမည်ဟုလည်း ထုတ်ပြန်ထားသည်။
နွေရာသီကာလ ဒေသတွင်း မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် တင်းကျပ်စွာ ကန့်သတ်လိုက်ခြင်းမှာ တောမီးကြောင့် သဘာဝတောတောင်များ မပျက်စီးစေရန်နှင့် မြို့ရွာများ မီးဘေးကင်းဝေးစေရန်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်မြို့နယ်များတွင် နွေရာသီမီးအန္တရာယ် ကြိုတင်ကာကွယ်ကြရန် အသိပေးကြေညာထားကြောင်း သိရသည်။
ဓါတ်ပုံ – Chinland Channel ၊ CJ

