(002MG)
စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ လအတွင်း အမျိုးသမီး (၆၃) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၆၆) ဦးအထိ ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ ယနေ့ မတ်လ (၁၀) ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်ကော်မရှင်၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် အမျိုးသမီး (၄၆) ဦး၊ လက်နက်ကြီးကြောင့် (၈) ဦး၊ မတရားသတ်ဖြတ်ခံ ရမှု ကြောင့် (၇) ဦး နှင့် ကျည်ထိမှန်မှုကြောင့် (၂) စုစုပေါင်း (၆၃) ဦး တို့ အသက်ဆုံးရှုံးခဲ့ကြရသည်ဟု သိရသည်။
အဆိုပါသေဆုံးသူများထဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ် (၁၈) ဦး နှင့် ကိုယ်ဝန် ဆောင်အမျိုးသမီး (၁) ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။
ထို့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄၁) ဦး၊ လက်နက် ကြီးပစ်ခတ်ခံရမှုကြောင့် (၁၃) ဦး၊ မြေမြှုပ် မိုင်းကြောင့် (၁၀) ဦး၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် အမျိုးသမီး (၂) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ်သည် အမျိုးသမီးသေဆုံးမှု (၂၂) ဦးဖြင့် အမြင့်ဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် (၁၂) ဦး၊ မကွေးတိုင်း တွင် (၁၁) ဦး၊ တနသ်ာရီတိုင်းတွင် (၆) ဦး၊ မန္တလေးတိုင်းတွင် (၅) ဦး၊ ပဲခူးတိုင်း တွင် (၂) ဦး၊ ကရင်နီပြည်နယ်တွင် (၂) ဦး၊ ကရင်ပြည်နယ်တွင် (၁) ဦး၊ ရှမ်းပြည်နယ်တွင် (၁) ဦး နှင့် မွန်ပြည် နယ် တွင် (၁) ဦး တို့ သေဆုံးသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့နယ်၊ ယိုးငူကျေးရွာအား စစ်ကော်မရှင်က ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် အမျိုးသမီး (၁၃) ဦးပါဝင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
လက်ရှိ အချက်အလက်များမှာ တိကျခိုင်လုံသည့် သတင်းမီဒီယာ များ၏ အချက်အလက်များ စောင့်ကြည့်မှုများအပြင် မြေပြင်မှ အချက်အလက်ကောက်ယူထား မှုများ အား ပြည်လည် စုစည်းတင်ပြထား ခြင်းဖြစ်သည့်အပြင် လက်တွေ့ မြေပြင်အခြေအနေများတွင် ဒေတာနှင့် သတင်းအချက် အလက်များ လက်လှမ်းမီနိုင်ရန် အခက်အခဲများစွာရှိသဖြင့် ကိန်းဂဏန်းများမှာ မြေပြင်တွင် ယခုထက်ပို၍ များနိုင်သည်ဟု သိရသည်။
စစ်ကော်မရှင်သည် ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်များအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများအား နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေသည့်ပြင် အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအ ဝင်အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံများကြောင့် အမျိုးသမီးများ အသက်ဆုံးရှုံး နေကြရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားသည်။

