(004SS)
ချင်းလဲန်းကောင်စီ နှင့် မီဇိုရမ်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော ZORO နှင့် MZP တို့တွေ့ဆုံကာ ချင်းအမျိုးသားစည်း လုံးညီညွတ်ရေး၊ စစ်ဘေးရှောင်အရေးများ ဆွေးးနွေးခဲ့ကြသည်ဟု သိရသည်။
ချင်းပြည်ကောင်စီ ဒုတိယဥက္ကဌ (၁) ဆလိုင်းမင်းညိုနှင့် ချင်းပြည်(Chinland) အစိုးရ ဝန်ကြီးချုပ် ဆလိုင်း မျိုးထိုက်တို့သည် Zo Re-unification Organization (ZORO) နှင့် Mizo Zirlai Pawl (MZP) တို့အား မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် သီးခြားစီတွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
မတ်လ (၃၁) ရက်နေ့တွင် ZORO အဖွဲ့နှင့်တွေ့ဆုံကာ စစ်ဘေးရှောင်ပြည်သူများအား ဘေးကင်းလုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ချင်းအမျိုးသားများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေး (Re-unification) လုပ်ငန်းစဉ်များတွင် နှစ်ဖက်ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းသွားမည့် အခြေအနေများကို အလေးပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မတ်လ ၃၀ ရက်နေ့ကလည်း မီဇိုးကျောင်းသားသမဂ္ဂ MZP ဥက္ကဌနှင့် အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပြီး မီဇိုရမ်ပြည်သို့ ခိုလှုံနေရသည့် စစ်ဘေးရှောင်များအတွက် အထောက်အပံ့များ ရရှိရေး၊ အထူးသဖြင့် စစ်ဘေးရှောင် ကျောင်း သား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်အဆင့် မြင့်ပညာရပ်များကို ဆက်လက်သင်ကြားခွင့်ရရှိရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ချင်းပြည် (Chinland) အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

