(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ တီးတိန်-ကလေး ကားလမ်းမပေါ်တွင် လမ်းပြုပြင်ရေးအလုပ် လုပ်ကိုင်နေသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၃၀ ရက်နေ့က တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာအနီး လမ်းပြုပြင်ရေးလုပ်ငန်းခွင်တွင် နေ့စားအလုပ်သမား အဖြစ် လုပ်ကိုင်နေစဉ် မတော်တဆ မိုင်းနင်းမိခဲ့ခြင်းဟု သိရသည်။
သေဆုံးသူမှာ အသက် ၂၆ နှစ်အရွယ် Lia Dim Suan Nem (ခ) Di Neam ဖြစ်ပြီး ၎င်းသည် တီးတိန်မြို့နယ်၊ ထေးဇန်ရွာမှ ခိုင်ကမ်းမြို့သို့ စစ်ဘေးရှောင်နေရသူတစ်ဦး ဖြစ်သည်။
“သူက ထေးဇန်ရွာသူပေါ့နော် ကလေးဘက်မှာ စစ်ဘေးရှောင်နေတာ။ စားဝတ်နေရေးအတွက် လမ်းပြုပြင်တဲ့အလုပ်မှာ နေ့စားဝင်လုပ်နေတာလို့ သိရတယ်။သူတို့က အလုပ်လုပ်နေတာက မွှာလ်ပီး နားမှာလို့ ပြောတယ်၊ ကားလမ်းမကြီးနဲ့လည်း တော်တော်နီးတယ် ဆိုပဲ။ အဲ့ဒီမိုင်းက အရင်တုန်းက အဲ့ဒီနားမှာ စစ်သားတွေ ရှိနေတုန်းက သူတို့ထောင်ထားခဲ့တာလို့ ပြောနေကြတာပဲ။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုပ်ဖော်ကိုင်ဖက်များနှင့် ဒေသခံများက နီးစပ်ရာပြည်သူ့ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ကူညီခဲ့ကြသော်လည်း ရရှိထားသော ဒဏ်ရာများမှာ ပြင်းထန်လွန်းသဖြင့် ဆေးရုံသို့ရောက်ရှိချိန်တွင် ကွယ်လွန်သွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းနင်းမိ၍ သေဆုံးသွားသူ Lia Dim Suan Nem ၏ ရုပ်အလောင်းကို ယနေ့ မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။
မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ တီးတိန်-ကလေး လမ်းမကြီးတစ်လျှောက်သည် ယခင်က စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ဖူးသော နေရာတစ်ခုလည်း ဖြစ်သည်။

