(004SS)
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်တက္ကသိုလ် (MZU) နှင့် ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs – ICA) တို့ ပူးပေါင်းဖွင့်လှစ် သည့် မြန်မာဘာသာစကားနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှု ဒီပလိုမာသင်တန်း (Diploma in Burmese Language and Communication Skills) ၏ တတိယအသုတ်ကို လာမည့် ဧပြီလအတွင်း စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သင်တန်းသားသစ်များအတွက် ဝင်ခွင့် (Admission) လက်ခံနေပြီဖြစ်ကာ သင်တန်းစတင်မည့် ရက်အတိအကျ ကိုမူ မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် မြန်မာလူမျိုးများအတွက် မဟုတ်ဘဲ မြန်မာစကားကို လေ့လာလိုသည့် နိုင်ငံခြားသားများအတွက် သီးသန့်ရည်ရွယ်၍ ပြင်ဆင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ICA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်ဆွီးစံက “MZU ကတော့ ဧပြီလအတွင်းမှာ စမယ်လို့ပြောတယ်။ ရက်အတိအကျတော့ မသိရသေးဘူး။ အခု admission လက်ခံနေတယ်။ လောလောဆယ်တော့ လျှောက်ထားတဲ့သူ ၆ ယောက်လောက်ထိရှိ တယ်။ သူတို့က ဒီအိန္ဒိယ မီဇိုရမ်အစိုးရမှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးပိုင်းတွေဖြစ်ကြတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကီလိုမီတာ ၁,၆၀၀ ခန့် ထိစပ်နေသည့် နယ်စပ်ဒေသများရှိခြင်းကြောင့် အစိုးရ အချင်း ချင်း ဆက်သွယ်မှုများနှင့် သတင်းအချက်အလက် (Intelligence) ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် မြန်မာဘာသာစကား ကျွမ်းကျင်မှုသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
“အခုလို နိုင်ငံခြားမှာ မြန်မာဘာသာစကားကို Diploma course အနေနဲ့ သင်ခွင့်ရတာ တကယ် ဂုဏ်ယူစရာကောင်း ပါတယ်။ ဒီဘာသာစကားတစ်ခုကို သင်လိုက်ခြင်းအားဖြင့် ဘယ်လောက်ထိ အသုံးဝင်မလဲဆိုတဲ့အပိုင်းကို ကြည့်တယ် ပေါ့နော်။ ဆိုတော့ မြန်မာစကားကို သူတို့သင်ယူလိုက်ခြင်းအားဖြင့် အစိုးရအချင်းချင်းကြား ဆက်သွယ်မှုတွေ၊ သူတို့ ဒီ Intelligence ပိုင်းမှာ အလုပ်လုပ်ကိုင်တဲ့အခါတို့မှာ သူတို့အတွက် အကျိုးရှိတာဖြစ်တဲ့အတွက် မြန်မာဘာသာစကားကို သင်ရခြင်းဖြစ်တယ်” ဟု ဆလိုင်းဗန်ဆွီးစံက ဆက်လက်ပြောကြားသည်။
ယခုသင်တန်းကို မြန်မာနှင့် မီဇို နှစ်ဘာသာစကားစလုံး ကျွမ်းကျင်သည့် ဆလိုင်းဇလျန်ပုမ်းက ဦးဆောင်သင်ကြား မည်ဖြစ်ပြီး၊ သင်တန်းကာလမှာ တစ်နှစ် (Semester ၂ ခု) ကြာမြင့်မည်ဟု သိရသည်။
Semester တစ်ခုလျှင် သင်တန်းကြေး ရူပီး ၂,၀၀၀ သတ်မှတ်ထားကာ သင်တန်းပြီးဆုံးပါက မီဇိုရမ်တက္ကသိုလ်မှ အသိအမှတ်ပြု လက်မှတ် သို့မဟုတ် ဒီပလိုမာ ရရှိမည်ဖြစ်သည်။
ယခင်အသုတ်များတွင် သင်ယူခဲ့သူများသည်လည်း လက်တွေ့လုပ်ငန်းခွင်နယ်ပယ်များ၌ အမှန်တကယ် အသုံးဝင် နေကြောင်း သိရသည့်အတွက် ဝမ်းသာရကြောင်းနှင့် ဤသင်တန်းသည် ICA ၏ လုပ်ငန်းဆောင်တာများအတွက်လည်း အကျိုးရှိစေကြောင်း ICA ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
စိတ်ပါဝင်စားသူများအနေဖြင့် မီဇိုရမ်တက္ကသိုလ်၏ ဝဘ်ဆိုက်ဖြစ်သော https://mzu.edu.in တွင် ဝင်ရောက်လျှောက်ထား နိုင်ပါသည်။

