(006SV)
စစ်အာဏာသိမ်း ၅ နှစ်ကျော်ရှိလာချိန်မှာ ချင်းပြည်နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုအပါအဝင် နည်းအမျိုးမျိုးဖြင့် သတ်ဖြတ်မှုကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ယနေ့မှာ ကြေညာသည်။
၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၆ မတ်လအထိ စစ်ကော်မရှင်တပ်သည် ချင်းပြည်နယ်တွင် နို့စို့အရွယ်ကလေးငယ်မှ အသက် ၁၈ နှစ်အတွင်းရှိ ကလေးငယ် ၁၀၆ ဦးကို သတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး ၎င်းတို့ထဲက ထက်ဝက်နီးပါးဖြစ်သော ၅၃ ဦးသည် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသည်ဟု မတ်လ ၂၇ ရက်မှာ CHRO က ထုတ်ပြန်သည်။
ချင်းကလေးငယ် ၃၈ ဦးသည် စစ်ကော်မရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် ပေါက်ကွဲစေတတ်သော ဗုံးများကြောင့် သေဆုံးရပြီး ကလေးငယ် ၁၅ ဦးသည် စစ်ကော်မရှင်တပ်ဖွဲ့၏ ပစ်ခတ်မှုနှင့် သတ်ဖြတ်မှုကြောင့် သေဆုံးရသည်ဟု သိရသည်။
လက်ရှိတွင် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့များနှင့် ချင်းပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ လေးလကျော်ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့နှင့် ကျေးရွာတချို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

