(006SV)
ချင်းပြည်နယ်၊ လောက်တူဒေသမှာ ဘွေနူးမြစ်ထဲ လျှပ်စစ်ရှော့တိုက် ငါးဖမ်းဆီးနေသည့် ဒေသခံပြည်သူ ၂ ဦးနဲ့ ပါဝင်ပတ်သက်သူ ၂ ဦး၊ စုစုပေါင်း ၄ ဦးတို့ကို ဖမ်းဆီးပြီး ငွေကျပ် ၁၀ သိန်း ပြစ်ဒဏ်ချ အရေးယူကြောင်း လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာပါတယ်။
အဆိုပါ ကျူးလွန်သူ ၄ ဦးကို မတ်လ ၂၄ ရက်မှာ ယခုနှစ်အတွက် ပထမအကြိမ်ပညာပေးအဖြစ် ငွေဒဏ် ကျပ် ၁၀ သိန်းဖြင့် အရေးယူထားပြီး ငါးဖမ်းကိရိယာပစ္စည်းများကို သိမ်းဆည်းထားကြောင်း မတ်လ ၂၅ ရက်မှာ လောက်တူ ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဒေသခံပြည်သူ ၄ ဦးသည် တားမြစ်ထားသည့် ဘက်ထရီသုံး ငါးဖမ်းဒိုင်နမို တစ်စုံကို အသုံးပြု၍ ဖေဖော်ဝါရီလ ၁၆ ရက်က ဘွေးနူးမြစ်ထဲမှာ လျှပ်စစ်ရှော့တိုက်ငါးဖမ်းဆီးခဲ့ကြောင့် အရေးယူရခြင်းဖြစ်ကြောင်း သိရသည်။
အရေးယူမှုမှ ရရှိသော ငွေများကို လမ်းပြုပြင်ရေးတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိတစ်ကြိမ် ပညာပေးအနေဖြင့် ဒဏ်ခတ်အရေးယူပြီးနောက် ကျူးလွန်သူ မည်သူ့ကို မဆို ပိုမိုပြင်းထန်သော အရေးယူခြင်းများ ပြုလုပ်သွားမည်ဟု အသိပေးသည်။
ငါးဖမ်းခြင်းဆိုင်ရာ တားမြစ်ချက်များကို ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်နိုင်ရန် ကျူးလွန်သူများကို ဖော်ထုတ် သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သူများကို ကျပ်ငွေ ၃သိန်းတိတိ ချီးမြှင့်သွားမည်ဟု သိရသည်။
ဓါတ်ပုံ – ဘွေနူးမြစ်။

