(004SS)
အိန္ဒိယသတင်းဌာနတစ်ခုက CNO/CNDF ကို မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု ရေးသားဖော်ပြမှုသည် အခြေအမြစ်မရှိသော စွပ်စွဲချက်သာဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO က မတ်လ ၂၄ ရက်နေ့တွင် တုန့်ပြန်ပြောဆိုလိုက်သည်။
အိန္ဒိယအခြေစိုက် The Quint မီဒီယာက မတ်လ ၂၁ ရက်နေ့က “Inside NIA Arrests: A Global Web of Drugs & War Driving Conflict in Northeast” ဆိုသည့်ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးတစ်ပုဒ်ရေးသားထုတ်ပြန်ခဲ့သည်။
ထိုဆောင်းပါးတွင် CNO/CNDF ၏ ဒုတိယဥက္ကဋ္ဌ-၁၊ ဆလိုင်းပီတာထန်းကို မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လက်နက်ပွဲစားလုပ်မှု နှင့် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးထားသည့် နိုင်ငံခြားသားများနှင့် တိုက်ရိုက်ပတ်သက်မှု ရှိသူအဖြစ် ဖော်ပြထားသည်။
ထို့အပြင် CNDF သည် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရရှိလာသောငွေကြေးများဖြင့် လက်နက်ဝယ်ယူခြင်း၊ စစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်း အိန္ဒိယသတင်းစာက စွပ်စွဲထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ CNO က “ အခြေအမြစ်မရှိဘဲ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံထားခြင်း” ဖြစ်ကြောင်း မတ်လ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး တုန့်ပြန်ခဲ့သည်။
CNDF သည် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကို လုံးဝလုပ်ဆောင် ခြင်းမရှိသလို၊ ထိုသို့သော တရားမဝင်လုပ်ငန်းများမှ ရန်ပုံငွေရယူခြင်း လုံးဝမရှိကြောင်း ကြေညာချက်တွင်ဖော်ပြထား သည်။
CNO/CNDF ၏ ဒုတိယဥက္ကဋ္ဌ-၁ ၊ ဆလိုင်းပီတာထန်းအနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုမှု သို့မဟုတ် တခြား တရားမဝင် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းလုံးဝမရှိကြောင်းနှင့် NIA က ဖမ်းဆီးထားသည့် နိုင်ငံခြားသားများနှင့် အထူးသဖြင့် တစ်စုံ တစ်ရာ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်းမျိုး လုံးဝမရှိခဲ့ကြောင်း ဖော်ပြထားသည်။
The Quint သတင်းဌာနအနေဖြင့် ခိုင်လုံသောအထောက်အထား တစ်စုံတစ်ရာမရှိဘဲ ရေးသားထားခြင်းဖြစ်ကြောင်းနှင့် ထိုစွပ်စွဲချက်များအတွက် ခိုင်လုံသောသက်သေ ထုတ်ပြရန် CNO/CNDF ကစိန်ခေါ်ထားသည်။
ထို့အပြင် ယခုကဲ့သို့မှားယွင်းသောစွပ်စွဲချက်များကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းရန်နှင့် တရားဝင်ပြင်ဆင်ချက် ထုတ်ပြန်ပေး ရန်လည်း တောင်းဆိုထားသည်။ ထိုသို့ ပြန်လည်ပြင်ဆင်ချက်မထုတ်ပါက လိုအပ်သော တရားဥပဒေဆိုင်ရာ အရေးယူမှု များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု CNO က သတိပေးထားသည်။

