(004SS)
နွေဦးတော်လှန်ရေး ၅ နှစ်ပြည့်လာချိန်တွင် အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် တီးတိန်နှင့် တွန်းဇံမြို့နယ်မှ အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး ၃ နှစ် တော်လှန်ရေး တာဝန်ထမ်းဆောင်ကြရန် PDF-Zoland က တိုက်တွန်းနှိုးဆော်ကြောင်း ယနေ့တွင် ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်)ဒေသအတွင်း နေထိုင်သော အရွယ်ရောက်ပြီးသူတိုင်းသည် တိုင်းပြည်နှင့် လူမျိုးလွတ်မြောက်ရေးအတွက် တာဝန်ထမ်းဆောင်ရန် တာဝန်ရှိပြီး၊ ဒေသတွင်းရှိသူများသာမက ပြည်ပ ရောက် ဇိုမီးများအနေဖြင့်လည်း နည်းလမ်းမျိုးစုံဖြင့် ပါဝင်ကြရန် အလေးအနက် တောင်းဆိုထားသည်။
“အခုလို ထုတ်ပြန်ရတာဟာ အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ နိုင်ငံသားတိုင်းမှာ မဖြစ်မနေလုပ်ရမယ့် တာဝန် ရှိတယ်ဆိုတာ ခေတ်ရေစီးကြောင်းအရ လိုအပ်လာလို့ ဖြစ်ပါတယ်။ ပြည်တွင်းလူငယ်တွေအနေနဲ့ အရွယ်ရောက်သူတိုင်း တော်လှန်ရေးမှာ ပါဝင်ရမယ်။ အချိန်ပြည့်မဟုတ်တောင် အချိန်ပိုင်းဖြစ်စေ၊ ငွေကြေး/ထောက်ပို့စသည်ဖြင့် ကျရာကဏ္ဍ ကနေ ပါဝင်ပေးကြဖို့နဲ့ ပြည်ပရောက်လူငယ်တွေကတော့ အဓိက ငွေရေးကြေးရေးအရ ပံ့ပိုးပေးကြဖို့ တောင်းဆိုချင်ပါ တယ်။” ဟု PDF- Zoland မှ တာဝန်ရှိသူကပြောသည်။
ပြည်တွင်း ပြည်ပရှိ ဇိုမီးလူငယ်များအနေဖြင့် အချိန်ပြည့် တာဝန်မထမ်းဆောင်နိုင်ပါကလည်း မိမိတို့ ကျွမ်းကျင်ရာ ကဏ္ဍ အသီးသီးမှ အချိန်ပိုင်းအဖြစ် ပါဝင်ကူညီနိုင်ကြောင်း ဆိုသည်။
နိုင်ငံတစ်ဝှမ်းဆင်နွှဲလျက်ရှိနေသော နွေဦးတော်လှန်ရေးသည် ချင်းတစ်မျိုးသားလုံးနှင့် တစ်နိုင်ငံလုံး၏ လက်ရှိမျိုးဆက် သာမက နောင်လာနောက်သားများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဖြစ်သောကြောင့် တတ်နိုင်သည့် ဘက်မှ အတူတကွပူးပေါင်းပါဝင်ပါကာ မိမိလိုလားသော ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဟု PDF-Zoland က ဆိုသည်။
“ကျွန်တော်တို့ဒေသမှာ အခုလို စစ်ကောင်စီကို တကယ်တော်လှန်တာဟာ ဒီနွေဦးတော်လှန်ရေးက ပထမဦးဆုံးဖြစ်သလို၊ အခုလို စစ်မှုမထမ်းမနေရ ထုတ်ပြန်ရတာဟာလည်း ပထမဦးဆုံး အတွေ့အကြုံဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ လက်ခံဖို့ ခက်ခဲနိုင်ပေမဲ့ ဒါဟာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ ပြည်သူ့အတွက်ဖြစ်လို့ ဒီအခက်အခဲကို ကျော်လွှားရမှာပါ။ ကျွန်တော်တို့ လိုလားတဲ့ လွတ်လပ်ရေးက လက်ကမ်းကြိုနေပြီဖြစ်လို့ မလွဲမသွေ အောင်နိုင်မှာပါ” ဟု PDF-Zoland ၏ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် တော်လှန်ရေးကာလ ၅ နှစ်အတွင်း ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုနှင့် တရားမျှတမှုအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး PDF-Zoland အနေဖြင့် တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်လျက်ရှိနေကြောင်း သိရသည်။

