(006SV)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွတ် နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုအားလုံးနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ကြေညာသည်။
၅ နှစ်ကျော်အကြာ အာဏာသိမ်းစစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခံရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုထံ ပြန်လည် ရောက်ရှိခြင်းအတွက် ယနေ့ ဧပြီလ ၂၂ ရက်မှာ SCEF က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ရာတွင် ယင်းသို့ ထုတ်ပြန်ခြင်းဖြစ်သသည်။
“ကျွန်ုပ်တို့အနေဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူလူထု အားလုံးနှင့်အတူ အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟု SCEF က ထုတ်ပြန်သည်။
ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မိသားစုထံ ပြန်လည်ရောက်ရှိခဲ့သည့်အတွက် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီအနေဖြင့် မိသားစုနှင့်ထပ်တူ ၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်ဟု ဆိုသည်။
သမ္မတ ဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေချိန် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းစစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခြင်းကို ခံရပြီး စွပ်စွဲသော ပုဒ်မအမျိုးမျိုးဖြင့် ၅ နှစ်ကျော်ကြာ အကျဉ်းကျနေခဲ့ရသည်ဟု သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ခိုင်မာခြင်းတို့ကို ပိုင်ဆိုင်ကာ နိုင်ငံအကျိုး၊ နိုင်ငံသူ နိုင်ငံသားတို့၏ အကျိုးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ဆက်လက် သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း SCEF က ဆန္ဒပြု ဆုမွန်ကောင်းတောင်းထားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ခြွင်းချက် မရှိ လွတ်ပေးရန်အတွက် အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျနိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့လည်း ယနေ့မှာ ကြေညာ ချက်များထုတ်၍ တောင်းဆိုသည်။
SCEF အဖွဲ့ကို KIO ၊ KNU၊ CNF ၊ ကရင်နီ အင်အားစုများ၊ NUG၊ CRPH တို့ဖြင့် ဖွဲ့စည်းပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ခိုက်နေရင်း ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအပါအဝင် နိုင်ငံရေး မူဝါဒ ရပ်တည်ချက် ၇ ချက်ကို အကောင်အထည်ဖော်နေကြောင်း သိရသည်။

