(006SV)
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်ပြေပြရန်အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်း သားများ အားလုံး ချက်ချင်းလွတ်ပေးရန် အသွင်ပြောင်းအာဏာသိမ်းစစ်အစိုးရကို အရှို(ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (ACNFC) က ကြေညာချက်ထုတ်၍ တောင်းဆိုသည်။
လက်ရှိမြန်မာ့ပဋိပက္ခနှင့် အကျပ်အတည်းများကို ရေရှတည်တံ့စွာ ဖြေရှင်းနိုင်ရန် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် မဖြစ်နေလိုအပ်သည်ဟု ACNFC က မေလ ၃ ရက်မှာ ထုတ်ပြန်သည်။
သို့အတွက် စစ်တပ်အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘေးကင်းလုံခြုံရေးနှင့် သက်ရှိထင်ရှား ရှိကြောင်း သက်သေပြရန်အတွက် နောက်ဆုံး ရက်စွဲဖြင့် ၎င်း၏ လှုပ်ရှားမှု စကားပြော ဗီဒီယိုအထောက်အထားကို လူထုရှေ့ကို ထုတ်ပြန်ရန် တောင်းဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ၊ တရားရုံးတက်ရောက်မှု အခြေအနေနှင့် လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိ၊ မရှိကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြသရန် နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချက်ချင်း လွှတ်ပေးရန် ACNFC က တောင်းဆိုနေသည်။
“နိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရေးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါသော အခန်းကဏ္ဍကို လုံးဝချန်ထားခဲ့၍ မရကြောင်း အလေးအနက်ထား သတိပေးအပ်ပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်ထားခြင်းသည် နိုင်ငံ၏ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို နောက်ပြန်ဆုတ်စေမည်” ဟု ACNFC က ထုတ်ပြန်သည်။
လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းများသည် နေ့စဉ်နှင့်အမျှ ပိုမိုဆိုးဝါးလာနေပြီး နိုင်ငံတစ်ဝန်း လူထုအများအပြား သေဆုံး၊ နေရပ်စွန့်ခွာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေကို ရောက်ရှိနေသည်ဟု သိရသည်။
အာဏာသိမ်းစစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် မည်သည့်နေရာတွင် အကျဉ်းချထားသည်တို့ကို ထုတ်ဖော်ကြေညာခြင်း မရှိသည့်အတွက် ၎င်း၏သားငယ် ကင်အဲရစ် ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်ပေးပြရန် လူထုတောင်းဆိုလှုပ်ရှားမှုများ ပြည်တွင်း၊ ပြည်ပ ပြုလုပ်နေပါသည်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံရသော ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ အမှုပေါင်း ၁၉ မှုဖြင့် မတရားစွပ်စွဲ၍ ထောင်ဒဏ် ၃၅ နှစ်အထိ ချမှတ်ခံခဲ့ရကြောင်း၊ လက်ရှိအာဏာသိမ်းမှု ၅ နှစ်ရှိလာချိန်တွင် ပယ်ဖျက်အမှု၏ ထောင်ဒဏ်တချို့နှင့် လွတ်ငြိမ်းသက်သာခွင့်တချို့ကြောင့် လက်ရှိထောင်ဒဏ် ၂၀ နီးပါး ကျန်ရှိနေသေးသည်ဟု သိရသည်။

