(004SS)
မလေးရှားနိုင်ငံသို့ အသွား ထိုင်းနိုင်ငံအတွင်း လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်ခဲ့သည့် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းအား ယနေ့ ဧပြီလ ၂၈ ရက် ညနေပိုင်းတွင် ၎င်း၏ မွေးရပ်ဇာတိဖြစ်သော ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Tuivial ရွာ၌ ခရစ်ယာန်ထုံးတမ်းစဉ်လာအရ ဂူသွင်းသဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ချင်းလူငယ်၏ ရုပ်အလောင်းသည် ယမန်နေ့ ဧပြီလ ၂၇ ရက် မွန်းလွဲပိုင်းတွင် ကလေးမြို့သို့ ရောက်ရှိခဲ့ပြီးနောက် ၎င်း၏ ဇာတိရွာTuivial ရွာသို့ ဆက်လက်သယ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ ညနေ ၅ နာရီခွဲအချိန်တွင် မိသားစုဝင်များနှင့် ရွာသူရွာသားများ၏ ဆုတောင်းမှုများဖြင့် ဇာတိမြေ၌ ကောင်းမွန်စွာ သဂြိုဟ်နိုင်ခဲ့ပြီဖြစ်သည်။
ဆွေမျိုးနီးစပ်သူတစ်ဦးက ယခုကဲ့သို့ ရုပ်အလောင်းကို နေရပ်အိမ်တိုင်ရာရောက် ပြန်လည်သယ်ဆောင်နိုင်ရန် အနယ်နယ် အရပ်ရပ်မှ ငွေကြေးဖြင့်သော်လည်းကောင်း၊ ကာယအားဖြင့်သော်လည်းကောင်း ကူညီပေးကြသူများ၊ လူမှုကူညီရေး အသင်းများအားလုံးကို မိသားစုကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောဆိုသည်။
Tg. Pau Lam Kim သည် သူငယ်ချင်း ၃ ယောက်အတူ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က ထိုင်းနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ ကားဖြင့် ထွက်ခွာ လာစဉ် ကားပေါ်၌ လူဦးရေပြွတ်သိပ်စွာ လိုက်ပါခဲ့ရခြင်းကြောင့် အသက်ရှူမွန်းကျပ်ကာ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ရုပ်အလောင်းအား ထိုင်းအာဏာပိုင်များက ၁၃ ရက်ကြာ ထိန်းသိမ်းထားခဲ့သော်လည်း ဆရာအာဒမ်၊ ဆရာဇမ်ထွမ်းတို့နှင့် ရှေ့နေများ၏ ညှိနှိုင်းကူညီမှုကြောင့် နေရပ်သို့ ပြန်လည်သယ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကွယ်လွန်သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦးမှာမူ လက်ရှိတွင် တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံထားရပြီး ပြည်နှင်ဒဏ် သို့မဟုတ် ထောင်ဒဏ် ကျခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

