(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ချယ်ရီတည်းခိုခန်းပိုင်ရှင် ဦးထန်ခန်းဒါလ်သည် ဖမ်းဆီးထိန်းသိမ်းခြင်းခံရစဉ်အတွင်း ရောဂါ အခံဖြင့် သေဆုံးခဲ့သည်ဟု ZFU/PDF Zoland က ထုတ်ပြန်ခဲ့သော်လည်း ရုပ်အလောင်းတွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာ များတွေ့ရှိရမှုအပေါ် ဒေသခံများအကြား ဝေဖန်မှုများ မြင့်တက်နေသည်။
ဦးထန်ခန်းဒါလ်သည် စစ်ကော်မရှင် (စကမ) နှင့် ဆက်သွယ်သတင်းပေးသည်ဟုဆိုကာ မေလ ၁၁ ရက်နေ့က ZFU/PDF Zoland လက်အောက်ခံ People’s Police Force- Zoland က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ဦးထန်ခန်းဒါလ်သည် ၎င်း၏ ရောဂါအခံများဖြစ်သည့် ဆီးချိုရောဂါ/ သွေးချို ရောဂါနှင့် သွေးတိုးရောဂါ တို့ကြောင့် မေလ ၁၃ ရက်နေ့မှာ ဦးနှောက်သွေးကြောပေါက်ပြီး ကွယ်လွန်ခဲ့သည်ဟု ZFU/PDF Zoland က ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ယနေ့ မေလ ၁၅ ရက်နေ့တွင် လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့လာသည့် ဓာတ်ပုံမှတ်တမ်းများအရ ဦးထန်ခန်းဒါလ်၏ မျက်နှာ၊ နား၊ ရင်ဘတ်၊ လက်မောင်း၊ လက်ကောက်ဝတ်၊ ဒူးနှင့် ခြေသလုံး နေရာများတွင် ရိုက်နှက်ဒဏ်ရာများ၊ ပွန်းပဲ့ ဒဏ်ရာများနှင့် ညိုမဲစွဲဒါဏ်ရာများ ထင်ထင်ရှားရှား တွေ့မြင်နေရသည်။
ထိုအထောက်အထားများကြောင့် ဦးထန်ခန်းဒါလ်သည် ထိန်းသိမ်းခံထားရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဟု ပြောဆိုမှုများ ရှိနေသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ဒလန်ဟု သံသယရှိ၍ ဖမ်းဆီးခြင်းကို လက်ခံနိုင် သော် လည်း အသက်သေဆုံးသည်အထိ ပြုလုပ်ခြင်းကိုမူ လက်မခံနိုင်ကြောင်း တီးတိန်မြို့က ဒေသခံလူငယ်တစ်ဦးကပြောသည်။
“ဦးဒါလ် (Pu Dal) ကလည်း စကားပြောရင် သိပ်ပြီး ခက်ထန်တာလည်း ပါတာပေါ့။ ကျွန်တော်က သူ့အကြောင်းကို တော်ရုံလောက် သိထားတာမို့ပါ။ ဒါပေမဲ့လည်း လူတစ်ယောက်ရဲ့ အသက်ကို ဆုံးရှုံးစေခဲ့တာကတော့ တကယ့်ကို မှားယွင်းတဲ့ လုပ်ရပ်လို့ ကျွန်တော် မြင်ပါတယ်။ ဒီသွေးကြွေးအတွက် ဘုရားသခင်က တစ်နေ့ကျရင် သေချာပေါက် ပြန်ပြီး စာရင်းစစ် (တောင်းခံ) ပါလိမ့်မယ်။ ကျွန်တော်တို့က စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေတွေကိုလည်း မလိုက်နာဘူး၊ ကျွန်တော်တို့ တောင်းဆိုနေကြတဲ့ လူ့အခွင့်အရေးတွေကိုလည်း ကိုယ်တိုင် ချိုးဖောက်နေကြမယ်ဆိုရင်တော့ စစ်ကောင်စီနဲ့ ဘာမှ ထူးခြား လာမှာ မဟုတ်ပါဘူး။ ဒလန်ဆိုပြီး သတင်းရလို့ ဖမ်းဆီးမယ်ဆိုရင်လည်း ဖမ်းဆီးချုပ်နှောင်ထားရုံပဲ ရှိရမှာပါ။ ဒီလို အသက် သေဆုံးတဲ့အထိ ဖြစ်ဖို့တော့ လုံးဝ မလိုပါဘူး။”ဟု တီးတိန်မြို့ဒေသခံလူငယ်တစ်ဦးက ပြောသည်။
အသက် ၆၉ နှစ်အရွယ်ရှိ ဦးထန်ခန်းဒါလ်အတွက် ဈာပနအခမ်းအနားကို မေလ ၁၆ ရက် (စနေနေ့) တွင် ၎င်း၏မွေးရပ်ဇာတိ ဆောင်ဇန် (Suangzang) ကျေးရွာ၌ Emmanuel AG အသင်းတော်၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်ကာ သင်္ဂြိုဟ်သွား မည်ဖြစ်သည်။

